အာဖဂန်မှာ ကျောင်းတွေပြန်ဖွင့်ပေးဖို့ အမျိုးသမီးတွေ ဆန္ဒပြတောင်းဆို

Photo – AFP

အာဖဂန်နစ္စတန်နိုင်ငံမှာ မိန်းကလေးတွေအတွက် ကျောင်းတွေ ပြန်ပိတ်လိုက်တဲ့ တာလီဘန်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး မြို့တော် ကဘူးမှာ မတ်လ ၂၆ရက်နေ့က အမျိုးသမီးတွေစုဝေး  ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

 

အမျိုးသမီးနဲ့ မိန်းကလေး အယောက် ၂၀ ကျော်လောက်ဟာ ကျောင်းတွေပြန်ဖွင့်လို့ ကြွေးကြော်ပြီး ပညာရေးက အခြေခံအခွင့်အရေးဖြစ်တယ်လို့ ရေးသားထားတဲ့  စာတန်းတွေလည်း ကိုင်ဆောင်ထားကြပါတယ်။

ဆန္ဒပြတဲ့နေရာကို တာလီဘန်တွေရောက်လာချိန်မှာတော့ အချိန်မီ လူစုခွဲလိုက်ကြတယ်လို့ သိရပါတယ်။

အာဖဂန်စ္စတန်မှာ မတ်လ ၂၃ရက်နေ့က မိန်းကလေးတွေအတွက် ၇ တန်းကနေ ၁၂ တန်းအထိ ကျောင်းတွေပြန်ဖွင့်မယ်လို့ ကြေညာခဲ့ပေမယ့် ကျောင်းဖွင့်ပြီး နာရီပိုင်းအကြာမှာပဲ တာလီဘန်တွေက ချက်ချင်း ပြန်လည်ပိတ်ပင်လိုက်ပါတယ်။

အထက်တန်းအဆင့်ကို တက်ခွင့်ပေးဖို့အတွက် သူတို့ရဲ့ အစ္စလာမ်ဥပဒေနဲ့အညီ ရေးဆွဲဦးမှာဖြစ်ပြီး နောက်ထပ်ညွှန်ကြားချက်မထွက်မချင်း မိန်းကလေးတွေကို ၇ တန်းကနေ ၁၂ တန်းအထိ တက်ခွင့်မရသေးဘူးလို့ တာလီဘန် တာဝန်ရှိသူတွေက ပြောပါတယ်။ 

တာလီဘန်တွေဟာ နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေချိန်မှာ အခုလို ကျောင်းတွေပြန်ပိတ်တာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့တွေ ၊  လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သံတမန်တွေရဲ့  ပြစ်တင်ရှုတ်ချတာ ခံခဲ့ရပါတယ်။