မြောက်ဒဂုံ Denko ဆီဆိုင်နဲ့ ကမ္ဘောဇဘဏ် ATM စက်တို့ကို STA အဖွဲ့တိုက်ခိုက်ဖျက်ဆီး

Photo- လူမှုကွန်ရက်
ရန်ကုန်မြို့၊ ​ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပင်လုံလမ်းပေါ်က Denko ဆီဆိုင်နဲ့ ၇/၈ လမ်းဆုံအနီးမှာရှိတဲ့ ကမ္ဘောဇဘဏ်ဘေးက ATM စက်တွေကို Special Task Agency of Burma (STA) အဖွဲ့က တစ်ချိန်တည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မတ် ၂၅ ရက် ည ၇ နာရီ ၅၅ မိနစ်မှာ မြောက်ဒဂုံ၊ ပင်လုံလမ်းပေါ်က Denko ဆီဆိုင်ကို STA အဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့ပြီး ဆီဆိုင် ကောင်တာအတွင်း လက်ပစ်ဗုံးတစ်လုံး၊ ဆီပန့်တွေအတွင်း လက်ပစ်ဗုံးနှစ်လုံးနဲ့ပစ်ကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
STA အဖွဲ့က Denko ဆီဆိုင်ဟာ စစ်အုပ်စုကို ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတာကြောင့် အခုလိုတိုက်ခိုက်မှုတွေ ပြုလုပ်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲဒီတိုက်ခိုက်မှု ပြုလုပ်နေတဲ့အချိန် ဆီဆိုင်အတွင်း အပြစ်မဲ့ ပြည်သူတွေရဲ့ ယာဉ်တွေ ဆီဖြည့်ဖို့ဝင်ရောက်လာတာကြောင့် သေနတ် ခုနှစ်ချက် ပစ်ဖောက်ကာ ရိုင်းပျ ခြောက်လှန့်ခဲ့မိတဲ့အတွက်လည်း STA အဖွဲ့က ဆိုင်ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို နားလည်သည်းခံ ခွင့်လွှတ်ပေးပါလို့ တောင်းပန်ထားခဲ့ပါတယ်။
အလားတူ မနေ့က ည ၇ နာရီ ၅၅ မိနစ်မှာပဲ STA အဖွဲ့ဟာ ၇/၈ လမ်းဆုံအနီးက ကမ္ဘောဇဘဏ်ဘေးမှာရှိတဲ့ ATM စက်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ATM စက်နဲ့ ဘဏ်ကားနောက်ပိုင်းတို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။
STA အဖွဲ့သားတွေဟာ အဲဒီတိုက်ခိုက်မှုတွေကို အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့​တယ်လို့ သိရပါတယ်။