အကြမ်းဖက် စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုက လူငါးဦးနဲ့ လုပ်ငန်း/အဖွဲ့အစည်း ငါးခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယမန်နေ့က ထုတ်ပြန်ပါတယ်။
အောင်လှိုင်ဦး၊ နိုင်ထွဋ်အောင်၊ စစ်တိုင်းအောင်၊ ဇော်ဟိန်းနဲ့ ကိုကိုဦးတို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု စာရင်းမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
နိုင်ထွဋ်အောင်၊ အောင်လှိုင်ဦးနဲ့ စစ်တိုင်းအောင်တို့ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ပွဲစားတွေဖြစ်ပြီးဇော်ဟိန်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ နေပြည်တော် စစ်တိုင်းမှူးဖြစ်ကာ ကိုကိုဦးမှာ အလယ်ပိုင်းတိုင်း စစ်တိုင်းမှူးဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလအတွင်း “ခရစ္စမတ်အကြိုနေ့ အစုအပြုံလိုက် လူသတ်မှု” နှင့် ပတ်သက်ဆက်နွှယ်နေတဲ့ အကြမ်းဖက်စစ်တပ် တပ်မ ၆၆ ကိုလည်း OFAC က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု စာရင်းသွင်းခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်အာဏာရှင်နဲ့ ဆက်စပ်နေတဲ့ Myanmar Chemical & Machinery Company Limited (MC&M)၊ International Gateways Groups of Company Limited (IGG)၊ Htoo Group of Companies (Htoo Group) နဲ့ the Asian Green Development Bank (AGDB) တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ပါတယ်။
အမေရိကန် အစိုးရအနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ပတ်သက်နေတဲ့ လုပ်ငန်း၊ အဖွဲ့အစည်း ၂၇ ခုနဲ့ လူပုဂ္ဂိုလ် ၇၀ ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီး ဖြစ်တယ်လို့လည်းကြေညာချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိတဲ့အထိ အကြမ်းဖက် စစ်အာဏာရှင်အဖွဲ့ကို ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ တာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး တစ်ပြိုင်တည်း ပူးပေါင်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ကြတဲ့ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့ကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဗြိတိန်အစိုးရက စစ်အုပ်စုအတွက် လက်နက်ရောင်းဝယ်ဖောက်ကားရာမှာ ပါဝင်နေတဲ့ ဒေါက်တာအောင်မိုးမြင့်၊ အောင်လှိုင်ဦးနဲ့ Dynasty International Company Ltd ၊ MC&M Co Ltd နဲ့ Miya Win International Ltd တို့ကို ဒဏ်ခတ်အရေးယူလိုက်သလို လေတပ်ဦးစီးချုပ်သစ် ဗိုလ်ချုပ်ထွန်အောင်ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာပါတယ်။