ထိုင်းအစိုးရရဲ့ NGO အဖွဲ့အစည်းဆိုင်ရာ ဥပဒေကြမ်းဟာ မြန်မာနိုင်ငံက အကျပ်အတည်း ဖြစ်နေသူတွေကို ကူညီဖို့ ပိုခက်ခဲသွားနိုင်တာကြောင့် ပြန်လည်ရုပ်သိမ်းဖို့ အမေရိကန်လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိတ်ဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Edward J. Markey နဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီအဖွဲ့ဝင် Jeffrey A. Merkley တို့ ဦးဆောင်တဲ့ အဖွဲ့က အဲဒီဥပဒေမူကြမ်းဟာ ထိန်းချုပ်ကန့်သတ်မှု များနေတာကြောင့် ပြန်ရုပ်သိမ်းဖို့ ထိုင်းအစိုးရနဲ့ အမေရိကန်အစိုးရကို မတ်လ ၂၃ ရက်နေ့က စာပေးပို့ တိုက်တွန်းလိုက်တယ်လို့ RFA က ဖော်ပြပါတယ်။
စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီတွေကို ထိုင်းနိုင်ငံဘက်ကနေ ပို့ဆောင်ပေးနိုင်ဖို့နဲ့ ဒေသတခုလုံး တည်ငြိမ်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် လူဦးရေ ၁၄.၄ သန်း လောက်ဟာ အကူအညီလိုအပ်နေပြီး အဲဒီလူတွေဟာ အထူးသဖြင့် ထိုင်းနယ်စပ်နားက ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေမှာ ရှိနေပါတယ်။
မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီ တိုးမြှင့်ဆောင်ရွက်ဖို့၊ အာဏာသိမ်းအပြီး အကြမ်းဖက်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေကို အထောက်အကူပေးဖို့လည်း အမေရိကန်နဲ့ ထိုင်းအစိုးရတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။