ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို မုန်တိုင်းငယ် ဒီကနေ့ ဖြတ်ကျော်ဝင်ရောက်မယ်

ဘင်္ဂလားပင်လယ်အော်မှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ အားကောင်းတဲ့ မုန်တိုင်းငယ် အဆင့်နဲ့ ဒီနေ့ ၂၂ ရက်နေ့၊ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ဟိုင်းကြီးကျွန်းအနီး ကမ်းရိုးတမ်းကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မုန်တိုင်းငယ် ဖြတ်ကျော်ဝင်ရောက်ချိန်တွင် ဧရာဝတီတိုင်း၊မြောင်းမြခရိုင်နဲ့ လပွတ္တာခရိုင်တို့မှာ မုန်တိုင်း ဒီရေ ၈ ပေ ကနေ ၁၀ ပေခန့် အထိမြင့်တက်နိုင်ပြီး ကုန်းတွင်းပိုင်းဝင်ရောက်ချိန် ကမ်းဖြတ်ချိန်လေတိုက်နှုန်း တစ်နာရီ ၄၀-၄၅ မိုင်နှုန်းခန့်နဲ့ လှိုင်းကြီးနိုင်ပါတယ်။
မုန်တိုင်းဝင်ရောက်ချိန် ဧရာဝတီတိုင်းဒေသကြီးမှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို (၄၅) မိုင်ကနေ မိုင် (၅၀) အထိနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီကို (၃၅) မိုင်ကနေ မိုင် (၄၀) အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်တွေ အတွင်း (၈) ပေကနေ (၁၂) ပေခန့်အထိ မြင့်တက်လာနိုင်ပါတယ်။
ဒေသခံပြည်သူတွေ အနေနဲ့ ဘေးလွတ်ရာကို စနစ်တကျ ရှောင်တိမ်းခိုလှုံကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ကလေးသူငယ်တွေ မသန်စွမ်းတွေနဲ့ သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါသည်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ဦးစားပေးပြောင်းရွှေ့ကြဖို့ ဆိုပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။ နေရာကွက် မိုးကြီးတာကြောင့် မြေနိမ့်ပိုင်း ကျေးရွာ၊ ရပ်ကွက်တွေမှာ ရုတ်တရက် ရေလျှံတာတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။