NLD ပါတီကို ကိုယ်စားပြုပြောနိုင်တာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ ဖြစ်တယ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြောနိုင်တာ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာ ဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။
မြန်မာ့အရေး အာဆီယံ အထူးသံတမန်မစ္စတာ ပရတ်ဆွန်ခွန်း မတ်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး NLD ပါတီရဲ့ သုံးခွပြည်သူ့လွှတ်တော်အမတ် ဒေါ်စုစုလွင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး Delta News Agency ရဲ့ မေးမြန်မှုကို ဗဟိုအလုပ် ကော်မတီဝင် ဦးကျော်ထွေးက အဲဒီလို ပြောခဲ့တာပါ။
‘အခုချိန်မှာ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူလို့ တရားဝင်သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ပါတီကို ကိုယ်စားပြု ပြောနိုင်တာကတော့ ကျွန်တော်တို့ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ ဖြစ်ပါတယ်။ ပါတီက တခြားသူတွေ ပုဂ္ဂိုလ်ရေးအရ တွေ့ကောင်းတွေ့နိုင်တာမျိုးရှိပေမဲ့ ပါတီကိုကိုယ်စားပြုနိုင်တာမျိုးတော့ လုံးဝမ ဟုတ်ပါဘူး။ ပါတီကို ကိုယ်စားပြုသယောင် ပါတီကို ကိုယ်စားပြုတယ်ဆိုတဲ့ တခြားသူတွေ ပြောဆိုချက်တွေကလည်း မှန်ကန်တဲ့အခြေအနေမျိုး မဟုတ်ပါဘူး။ လိမ်လည်လှည့်စားမှုမျိုးပဲ ဖြစ်ပါလိမ့်မယ်’ လို့ သူကပြောပါတယ်။
အာဆီယံ အထူးသံတမန် ပရက်ဆွန်ခွန်းဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှာမဟုတ်သလို NUG အစိုးရနဲ့ တွေ့ဆုံခွင့်ပြုဖို့ အကြမ်းဖက်စစ်အုပ်စုကို ပန်ကြားခဲ့တဲ့အပေါ် မင်းအောင်လှိုင်က ပယ်ချခဲ့ပြီးဖြစ်ပါတယ်။
ပရက်ဆွန်ခွန်းရဲ့ ခရီးစဉ်အတွင်း NCA လက်မှတ်ထိုးအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နဲ့ မူလက တွေ့ဆုံဖို့ အစီအစဉ်ရှိပေမဲ့ အစီအစဉ် ပျက် သွားတယ်လို့ PPST ပူးတွဲခေါင်းဆောင် ဦးခွန်ဥက္ကာက VOA ကို ပြောကြားခဲ့ပါတယ်။
ပရက်ဆွန်ခွန်းရဲ့ ခရီးစဉ်ဟာ အထူးသံတမန်အနေနဲ့ အထူးသံတမန် အလုပ်လုပ်ပြတယ်ဆိုတဲ့ အဆင့်သာ ဖြစ်နိုင်ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောပါတယ်။
‘သူဘာလာလုပ်သလဲဆိုတာ သူကိုယ်တိုင်တောင် သေချာသိပုံမရပါဘူး။ သူပြောနေတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုတာ မင်းအောင်လှိုင်က သူ့လက်အောက်ခံ ကြက်ခြေနီလို အသင်းမျိုးကနေ တစ်ဆင့်ပေးခိုင်းတာမျိုး လုပ်ချင်လုပ်ပေါ့။ ပရက်ဆွန်ခွန်းဟာ မင်းအောင်လှိုင် တွေ့ခိုင်းတဲ့လူနဲ့ လာတွေ့ပြီး ပြန်ရုံပါပဲ’ လို့ သူကဆိုပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဂျပန်နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါဟာ အကြမ်းဖက်စစ်အုပ်စု ပေးတွေ့တဲ့ ဒေါ်စုစုလွင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
‘နိုင်ငံရေးပွဲစား ဆာဆာကာဝါ က NLD ပါတီက တာဝန်ရှိသူနဲ့ တွေ့ခဲ့တယ်လို့ပြောပြီး ဘယ်သူနဲ့တွေ့ခဲ့သလဲဆိုတာ နာမည်ထုတ်မပြောခဲ့ဘူး။ အဲဒီဟာ နိုင်ငံရေးအရ မရိုးသားတဲ့ကိစ္စပါ။ ဒေါ်စုစုလွင်ဆိုတာ NLD ရဲ့ ထိပ်တန်း ခေါင်းဆောင်လည်း မဟုတ်ဘူး။ ပြောရေးဆိုခွင့်လည်း မရှိဘူးဆိုတာ အားလုံးသိကြပါတယ်’ လို့ နိုင်ငံရေးသုံးသပ်သူက ဆိုပါတယ်။
ပရက်ဆွန်ခွန်းရဲ့ ခရီးစဉ်အတွင်း စစ်အုပ်စုက ဘယ်သူတွေနဲ့ တွေ့ခွင့်ပြုမလဲဆိုတာ မသိရသေးပါဘူး။