တမူးနယ်စပ် ရဲကင်း တိုက်ခိုက်ခံရ၊ အရာရှိ ၂ ဦးအပါအဝင် အကြမ်းဖက်စစ်သား ၁၀ ယောက်ကျော်သေ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းရှိ မြန်မာ-အိန္ဒိယနယ်စပ်နဂါးမင်းသမီးရေကန် ရဲကင်းရှိ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် ၁၀ ယောက်ကျော်သေဆုံးခဲ့တယ်လို့ Burmese Students Organization (BSO) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက် ၅ နာရီ ၃၅ မိနစ်မှာ BSO၊ တမူး PDF (TSG) နဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ပူးပေါင်းပြီးသွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မနက် ၆ နာရီ ၁၀ မိနစ်မှာ တိုက်ပွဲပြီးဆုံးခဲ့ရာ ပူးပေါင်းတပ်ဖွဲ့တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
‘အဲဒီရဲကင်းမှာ စစ်ခွေးတွေ ၁၅ ယောက်လောက်ရှိမယ်လို့ မှန်းထားခဲ့တာ။ တကယ်ကျတော့ ၁၅ယောက်ထက် ကျော်တယ်။ အဲဒီရဲကင်းကို သိမ်းဖို့ရည်ရွယ်ခဲ့ပေမဲ့ လက်နက်အင်အားအရ မသိမ်းလိုက်နိုင်ဘူး’ လို့ သူကပြောပါတယ်။
ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရဲကင်းနားက လူမနေတာကြာပြီဖြစ်တဲ့ အိမ်တစ်လုံးကို အကာအကွယ်ယူပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
တိုက်ပွဲအပြီးမှာ အကြမ်းဖက်စစ်သားတွေဟာ ပူးပေါင်းတပ်ဖွဲ့အကာအကွယ်ခဲ့တဲ့ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
‘အဲဒီဂိတ်က စစ်ခွေးတွေက အိန္ဒိယဘက် ပစ္စည်းပို့နေတဲ့ ဆိုင်ကယ်တွေကားတွေကို ဆက်ကြေးကောက် တောင်းစားနေတာ’ လို့ BSO တာဝန်ရှိသူက ပြောပါတယ်။
နဂါးမင်းသမီးရေကန်ဂိတ်မှာ အိန္ဒိယဘက် ပစ္စည်းတင်ပို့ရာမှာ အရေးပါတဲ့ဂိတ်ဖြစ်ပြီး အခုအခါ မျောက်ငိုသီးတွေကို ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့နဲ့ တင်ပို့နေကြရာ အကြမ်းဖက်စစ်တပ်က ဆိုင်ကယ်တစ်စီးကို ပစ္စည်းပေါ်မူတည်ကာ ကျပ် ၃၀၀၀ အထိ ဆက်ကြေးကောက်နေတယ်လို့ သိရပါတယ်။