အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဝန်ကြီး ပရတ်ဆွတ်ခွန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုတွေက နိုင်ငံရေးအရ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်အဖြစ် မတ်လ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အတွင်း မြန်မာနိုင်ငံကိုလာပြီး အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်အပါအဝင် စစ်အုပ်စုအဖွဲ့ဝင်တွေ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာမြန်မာပြည်သူလူထု ဆန္ဒသဘောထားနှင့်အသံကို လုံးဝတန်ဖိုးမထား၊ အသိအမှတ်မပြုသလို အကြမ်းဖက်စစ်အုပ်စုကို အားပေးအားမြှောက်ပြုတဲ့ လုပ်ရပ်ဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုများ (GSCB) က အဆိုပါခရီးစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။