မြဝတီမြို့ပေါ်မှာ စာသင်ကျောင်းအနီး ပစ်ခတ်မှုဖြစ်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်နဲ့ ရပ်ကွက် ၄ ကြား ကျောက်လုံးကြီးအနောက် စစ်မှုထမ်းဟောင်း မူလွန်ကျောင်း အနီးမှာ ဒီနေ့နေလည်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စာမေးပွဲဖြေဆိုမှုကို နေရာပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်လို့ သိရကြောင်း KIC သတင်းဌာနက ဖော်ပြပါတယ်။
ဒီနေ့ မတ်လ ၁၈ရက်နေ့ နေ့လည် ၁၂ နာရီအချိန် စာသင်ကျောင်းအနီးမှာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ကျောင်းဆရာတွေနဲ့ ကျောင်းသားကျောင်းသူတွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် စာမေးပွဲဖြေဆိုမှုကို နေရာရွေ့ဖို့ စီစဉ်ရတာလို့ အဲဒီစာသင်ကျောင်းက ဆရာမတဦးက ပြောပါတယ်။
“ဒီကနေ့ နေ့လည် ၁၂ နာရီခွဲလောက်မှာ ဖြစ်သွားတာ။ ကျောင်းအနားမှာပဲ။ လက်နက်ကြီး ပစ်ခတ်သံ ၅ ချက်လောက် ကြားရပြီး လက်နက်ငယ်ပစ်ခတ်သံတွေပါ ထပ်ကြားရတယ်။ အသံတွေက နီးနီကပ်ကပ်ဘဲ ဆိုတော့ ခလေးတွေရော ဆရာ/ဆရာမတွေပါ ကြောက်သွားတာပေါ့။
ဖြစ်တဲ့ အချိန်က စာမေးပွဲ ဖြေဆိုပြီးချိန်မို့ တော်သေးတာပေါ့။ ဒါပေမယ့် ကျန်ရှိ နေသေးတဲ့ နောက်ရက် စာမေးပွဲဖြေဆိုမှုကိုတော့ ဒီကျောင်းမှာ မလုပ်တော့ဘူး။ နီးစပ်ရာ စာသင်ကျောင်း တစ်ခုခုမှာ ဖြေဆိုဖို့ စီစဉ်ထားတယ်။”လို့ ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း မြဝတီမြို့ပြင်နေရာတွေမှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲငယ်တွေ နေ့စဉ်လိုလို ရှိနေပြီး ဒေသခံ ပြည်သူ ၁,၀၀၀ ဝန်းကျင်လောက်ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ မြို့တွင်းရှိ ဆွေမျိုးတွေဆိ လာရောက် စစ်ရှောင်နေကြရတယ်လို့ စစ်ရှောင်ကူညီရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
မြဝတီမြို့နဲ့ ၉ မိုင်ကွာဝေးတဲ့ လေးကေကော်ဒေသမှာ ပြီးခဲ့တဲ့နှစ် ယခင်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး အကြမ်းဖက်စစ်အုပ်စုတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ (၆) မဟာမိတ်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ၃လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။