စစ်ဘက်အကြီးအကဲ လိုက်ပါလာတဲ့ ယာဉ်တန်းကို အဝေးထိန်းဗုံးနှစ်လုံးနဲ့ ဖောက်ခွဲ

စစ်ဘက်ဆိုင်ရာအကြီးအကဲတစ်ဦး လိုက်ပါလာတဲ့ယာဉ်တန်းကို နယ်အတွင်း အဝေးထိန်းဗုံးနှစ်လုံး နဲ့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတချို့ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။
မတ်လ ၁၆ ရက်နေ့၊ နေ့ခင်း ၁၁ နာရီ ၁၅ မိနစ်လောက်က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ ထီးတင်ပွဲကနေ မှော်ဘီဘက်ပြန်လာတဲ့ ယာဉ်တန်းကို ရန်ကုန်-ပြည်လမ်းပေါ်ရှိ မှော်ဘီမြို့နယ်၊ မြို့ချောင်းလမ်းဆုံ၊ ဆောက်လက်စ တိုးဂိတ်အနီးမှာ မှော်ဘီ့ရင်သွေးတပ်၊ ACPLF နဲ့ မှော်ဘီ PDF တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီယာဉ်တန်းမှာ စစ်ဘက်အကြီးအကဲတစ်ဦးရဲ့ မိသားစုနဲ့ နောက်လိုက်နောက်ပါတွေ လိုက်ပါလာပြီး အဝေးထိန်းဗုံးပထမတစ်လုံးဟာ ယာဉ်တန်းထိပ်ဆုံးက မောင်းနှင်လာတဲ့ ကားကိုထိမှန်ပြီး ကားရပ်သွားပါတယ်။ အဲဒီနောက် ကားပေါ်ကနေ အကြမ်းဖက်စစ်သားတွေ ဆင်းလာပြီး ကြည့်ရှုစစ်ဆေးနေစဉ် နောက်ထပ်တစ်လုံး ထပ်မံ ဖောက်ခွဲလိုက်ရာ အကြမ်းဖက်စစ်သားတချို့ ထိမှန်နိုင်တယ်လို့ မှော်ဘီ့ရင်သွေးတပ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။