လက်နက်အင်အား မမျှတလို့ CDF ကန်ပက်လက်ဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရ

အကြမ်းဖက် စစ်ကောင်စီဖက်မှ သာလွန်စစ်အင်အားနဲ့ ထိုးစစ်ဆင်ခဲ့ပြီး ကျည်မလုံလောက်သလို လက်နက်အင်အား မမျှတာတွေကြောင့် CDF ကန်ပလက် တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရတယ်လို့ CDF-Kanpetlet က မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ပါတယ်။
မတ်လ (၁၅) ရက်နေ့ကစတင်ကာ CDF-Kanpetlet၊ CDF-Mindat၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့၊ The Youth Force နှင့် Saw PDF တို့ ပူးပေါင်းအဖွဲ့တွေနဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးရဲဘော် (၂) ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီ လက်ပါးစေဘက်မှ ထိခိုက်ကျဆုံးမှုကို အတိအကျ မသိရှိရသေးကြောင်း ထုတ်ပြန်ခဲ့တာပါ။
အဆိုပါတိုက်ပွဲတွင် မင်းတပ်မြို့ ခလရ (၂၇၄) တပ်ရင်းနဲ့ ကျောက်ထုအမြှောက်တပ်တို့ဘက်က လက်နက်ကြီးဖြင့် ပစ်ခဲ့တာကြောင့် ရွာအတွင်း လူနေအိမ် ၉ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်းပြည်ပရှိ ပြည်သူများအနေနဲ့ တော်လှန်ရေးထောက်ပို့တပ်များ အနေဖြင့် လက်နက်အင်အား၊ ကျည်အင်အား ဖြည့်တင်းနိုင်ဖို့ အထူးအာရုံစိုက် ကူညီထောက်ပံ့ပေးကြဖို့ တောင်းခံထားပါတယ်။