ဖေဖေါ်ဝါရီအတွင်း လူသားချင်း စာနာမှု အကူအညီ ကျပ်သန်း ၁၈၀ ကျော် NUG ထောက်ပံ့

ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ကျပ် သန်း ၁၈၀ ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်မယ်လို့ထင်တဲ့ နေရာတွေဆီ ထွက်ပြေးခိုလှုံနေကြရတဲ့ ပြည်သူတွေ၊ တော်လှန်ရေးမှာ ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူတွေနဲ့ အသက်ဆုံးရှုံးရသူတွေရဲ့ မိသားစုဝင်တွေအပါအဝင် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနဲ့ လက်တွဲ ချိတ်ဆက်ကာ ဖေဖေါ်ဝါရီလအတွင်း ကျပ် ၁၈၆ ဒဿမ ၅၅ သန်း ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ထောက်ပံ့မှုတွေကို အကြမ်းဖက်စစ်တပ်ရဲ့ အတားအဆီး အမျိုးမျိုးကြားကနေ ဘေးဒုက္ခခံစားနေကြရတဲ့ ပြည်သူတွေလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြတဲ့ ဒေသခံ မိတ်ဖက်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေနဲ့ စေတနာ့ဝန်ထမ်း ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ပါတယ်။