ကိုဗစ်ကြောင့် အရှေ့တောင်အာရှမှာ အလုပ်အကိုင် ၉သန်းကျော်ဆုံးရှုံး

Photo – BLOOMBERG

အရှေ့တောင်အာရှဒေသမှာ ကိုဗစ်ကပ်ရောဂါအတွင်း လော့ဒေါင်းချထားမှုတွေကြောင့် ခရီးသွားလုပ်ငန်းအပါအဝင် စီးပွားရေးလည်ပတ်မှု ထိခိုက်ခဲ့ပြီး အလုပ်အကိုင် ၉ ဒဿမ ၃သန်းကျော် ဆုံးရှုံးခဲ့ရတယ်လို့ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်(ADB) က ထုတ်ပြန်ပါတယ်။

ဒါဟာ လူပေါင်း ၄ ဒဿမ ၇သန်းကို အင်မတန်ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကို တွန်းပို့ခဲ့ပြီး တနေ့ကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၉၀ အောက်သာ ဝင်ငွေရှိကြတယ်လို့ ဒီကနေ့ မတ်လ ၁၆ရက်နေ့မှာ ထုတ်ပြန်တဲ့ ADB အစီရင်ခံစာက ဆိုပါတယ်။

အမျိုးသမီးတွေ လူငယ်တွေနဲ့  ကျွမ်းကျင်မှုမရှိတဲ့ အလုပ်သမားတွေကို ပုံမှန်အလုပ်ခန့်လေ့ရှိတဲ့ လက်လီလုပ်ငန်းနဲ့ တရားမဝင်လုပ်ငန်းတွေဟာလည်း ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်တွေရဲ့  သက်ရောက်မှုရှိတာကြောင့် မညီမျှမှုတွေ ပိုပြီးကျယ်ပြန့်လာနေပါတယ်။

ဆင်းရဲနွမ်းပါးမှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုအပေါ် ကပ်ရောဂါရဲ့သက်ရောက်မှုဟာ ဆင်းရဲသားတွေရဲ့ အခွင့်အလမ်းရရှိမှုကို ပိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှလူဦးရေရဲ့ ၆၀ရာခိုင်နှုန်း နီးပါးဟာ ကာကွယ်ဆေးထိုးနှံထားပြီး လူထုသွားလာလှုပ်ရှားမှု ပြန်လည်ကောင်းမွန်လာတာကြောင့် အစိမ်းရောင်ညွှန်းကိန်းတွေ ထွက်ပေါ်လာကာ အခုနှစ်မှာ ပြည်တွင်းထုတ်လုပ်မှု ၅ရာခိုင်နှုန်းလောက် တိုးတက်လာဖို့ မျှော်မှန်းထားတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။