မြိတ် NLD ရုံး မီးလောင်တာ စစ်အုပ်စုလက်ချက်လို့ ဒေသခံတွေ မှတ်ယူ

ပိတ်ထားတာ တစ်နှစ်လောက်ကြာပြီဖြစ်တဲ့ တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊ တပ်ပြင်ရပ်ကွက်ရှိ NLD ရုံး မီးလောင်မှုဟာ အကြမ်းဖက် စစ်အုပ်စု လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေက တစ်ထစ်ချမှတ်ယူကြကြောင်း မြိတ်မြို့ခံ တချို့က ပြောပါတယ်။
မတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီလောက်က မြိတ် NLD ပါတီရုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ရုံးအတွင်းပိုင်း ပျက်စီးမှုများနိုင်တယ်လို့ မြိတ်မြို့ ကန်ဖျားရပ်ကွက်သားတစ်ဦးက ပြောပါတယ်။
‘အာဏာသိမ်းပြီးနောက်ပိုင်း ဘယ် NLD ရုံးမှာမှ လူမရှိတော့တာ ရုံးတွေပိတ်ထားတာ လူတိုင်းသိတယ်။ အလကားနေရင်း ဝါယာရှော့ခ်ဖြစ်စရာ အကြောင်းလည်း မရှိဘူး။ တစ်တိုင်းပြည်လုံးကို ဒုက္ခပေးနေတဲ့ မင်းအောင်လှိုင် မာန်နတ်ဝင်ရှို့တာလို့ မြိတ်တစ်မြို့လုံးက ယုံကြည်တယ်’ လို့ သူကပြောပါတယ်။
မြိတ်မြို့၊ ကန်ကြီးရပ်ကွက်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးက မြိတ် NLD ရုံးကို အရင်တုန်းကလည်း ဗုံးခွဲခဲ့ဖူးပြီး အခုမီးထပ်ရှို့တာလို့ ဆိုပါတယ်။
‘စစ်ခွေးတွေရဲ့ အင်မတန်အောက်တန်းကျတဲ့ လုပ်ရပ်ပါ။ပြည်သူတွေကိုသတ်၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးနေတဲ့ တိရစ္ဆာန်တွေပါ’ လို့ သူကပြောပါတယ်။
NLD ရုံးမီးလောင်မှုကို မီးသတ်ကားတွေ ရောက်လာကာ မီးငြှိမ်းခဲ့ရာ နာရီဝက်လောက်အကြာမှာ မီးငြိမ်းခဲ့ပါတယ်။