လေးကေကော် မြို့သစ်မှာ အကြမ်းဖက် စစ်အုပ်စုတပ်တွေက ဒေသခံအိမ်တွေထဲက ပစ္စည်းတွေခိုးယူနေ

Photo- CJ
အကြမ်းဖက် စစ်အုပ်စုတပ်တွေနဲ့ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ဖွဲ့တွေဟာ တကျော့ပြန် တိုက်ခိုက်မှု ဖြစ်ပွားနေတဲ့ လေးကေကော်မြို့သစ် ရပ်ကွက်ပတ်လည်မှာ ခြေကုပ်စခန်းချ နေထိုင်နေရာယူပြီး လူနေအိမ်တွေထဲ အသုံးအဆောင်ပစ္စည်းတွေကို နေ့စဉ်ခိုးယူနေတယ်လို့ လေးကေကော် စစ်ရှောင်ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး KIC သတင်းဌာနက ဖော်ပြပါတယ်။
အမည်မဖော်လိုသူ စစ်ရှောင်တစ်ဦးက “ကျနော့်အိမ်က ကားက မြဝတီရောက်ပြီး သူများမောင်းနေတာတွေ့တော့ မိတ်ဆွေတွေက လှမ်းပြောတာနဲ့ သိရတာ။ ကားမောင်း နေသူကို မေးကြည့်ခိုင်းတော့ ၂၇၅ စစ်တပ် မိသားစုဝင်တစ်ယောက်ဆီက တစ်ဆင့်ပြန်ဝယ်စီးနေတာလို့ ပြောတယ်လို့ သိရတယ်။ စစ်ကောင်စီကကောင်တွေ ယူသွားတာကို ပြောရမယ်ဆိုရင် အိမ်တိုင်းနီးပါး အကုန်ကုန်နေပြီ။ တစ်ယောက်က တွေ့တာယူသွား။ နောက်တစ်ယောက်ကလည်း သူတို့လိုချင်တာ ယူသွားနဲ့ နေ့တိုင်းလိုက်ပြီး အိမ်တွေ လိုက်ဖောက်ယူနေတာမျိုး ဖြစ်နေတယ် ။ ပြန်နေရင်တောင် အိမ်အခွံပဲ ရှိတော့မယ် “လို့ ပြောပါတယ်။
လေးကေကော် ဒေသတိုက်ပွဲ စတင်ဖြစ်ပွားချိန်ကနေ အခု ၃ လကျော် ကြာမြင့်လာချိန် ကျေးရွာ ၅ ရွာနဲ့ လေးကေကော်မြို့သစ် ရပ်ကွက်တွေကနေ စစ်ဘေးရှောင်နေတဲ့ ဒေသခံ ၆၀၀၀ (ခြောက်ထောင်) ကျော် နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ စစ်ရှောင်နေရာတွေမှာ ခိုလှုံနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ရှောင်ပြည်သူတွေ နေထိုင်စဥ်က ပိုင်ဆိုင်မှုအချက်အလက်တွေနဲ့ မြေပြင်မှာ ပျက်စီးဆုံး ရှုံးထားတဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းကောက်ယူ မှတ်တမ်းပြုစုနေပေမယ့် လက်ရှိအချိန်ထိ စာရင်းအပြည့်အစုံ မရရှိသေးကြောင်း ဒေသခံလူငယ် အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်,
“ကျမကတော့ လေးကေကော် ဗျူးပွိုင့်လမ်းမဘေးမှာ နေတာပါ၊ တိုက်ပွဲဖြစ်တော့ ကားတွေဆိုင်ကယ်တွေနဲ့ ကွန်ပျူတာဆိုင်က ပစ္စည်းတွေ အိမ်ပိတ်ပြီး ထားခဲ့ရတယ်၊ အခု ပြီးခဲ့တဲ့ တိုက်ပွဲငြိမ်နေတဲ့ ရက်တွေက လူကြုံနဲ့ အိမ်အခြေအနေ ကြည့်ခိုင်းတာမှာ အိမ်တံခါးတွေ ဆိုင်တံခါးတွေ ပွင့်နေပြီး ပစ္စည်းတွေ ကားတွေ ဆိုင်ကယ်တွေ မတွေ့တော့ဘူးလို့ ပြောပါတယ်။ အိမ်ထဲမှာလည်း လက်နက်ကြီးတစ်လုံး စိုက်ဝင်နေတယ်ဆိုတာ သိထားရတော့ အိမ်ပြန်နေဖို့က တွေးလိုက်တိုင်း စိတ်ပျက်ရတယ်” ဟု နောက်ထပ် လေးကေကော် ဒေသခံ အမျိုးသမီးကလည်း ပြောပါတယ်။
ပြီးခဲ့သည့် မတ်လ ၁၀ ရက်မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါနဲ့ KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ တွေ့ဆုံခဲ့ပြီး လေးကေကော် ဒေသခံတွေ နေရပ်ပြန် နေထိုင်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဥ်တွေနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ကြတယ်လို့ KNU နဲ့ နီးစပ်တဲ့ သတင်းတွေအရ သိရပါတယ်။
Source- KIC