ခရမ်းပြည်သူတွေ မိုင်းကိုတွေ့ရင် မမြင်ချင်ယောင်ဆောင်သွားကြဖို့ PDF မေတ္တာရပ်ခံ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ မိုင်းနဲ့ထူးဆန်းတဲ့အရာတွေ တွေ့ရှိပါက မစပ်စုဘဲ မမြင်ချင်ယောင် ဆောင်သွားကြဖို့ ခရမ်း PDF က မေတ္တာရပ်ခံလိုက်ပါတယ်။
ယမန်နေ့မနက်ပိုင်းက ခရမ်းမြို့၊ ကံသာ ဘုန်းကြီးကျောင်းကိုသွားတဲ့ အကြမ်းဖက်စစ်တပ် ပြန်လာချိန် ဖောက်ခွဲဖို့ ထောင်ထားတဲ့မိုင်းကို ပြည်သူတစ်ဦးက တွေ့ရှိပြီး အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့တာကြောင့် အစီအစဉ် ပျက်ခဲ့တယ်လို့ ခရမ်း PDF က ပြောကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
အဲဒီလို အကြမ်းဖက်စစ်တပ်ကို သတင်းပေးခြင်းဟာ PDF တွေအတွက် အန္တရာယ်များသလို လုပ်ငန်းဆောင်ရွက်ရာမှာလည်း အခက်အခဲတွေများကြောင်း ဆိုပါတယ်။
‘အခု ခရမ်းPDF တွေနဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေကြောင့် စစ်ခွေးတွေ သွေးပျက်နေပြီ။ ပြည်သူတွေအနေနဲ့ အခုထက်ပိုပြီးပူးပေါင်းဖို့ မစပ်စုဖို့ PDF က ပြောတာ။ အဓိကက ပြည်သူတွေအနေနဲ့ စစ်ခွေးတွေနားမှာ မနေရင် ထိခိုက်စရာအကြောင်းမရှိတာ သေချာတယ်’ လို့ ခရမ်းမြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
မတ်လ ၁၃ ရက်နေ့မှာ ခရမ်း PDF က ခရမ်းမြို့နယ် ထွေအုပ်ရုံးထဲ ဗုံးသီးလောင်ချာနဲ့ ပစ်ခတ်ခဲ့သလို ကံသာဘုန်း ကြီး ကျောင်းအနီးမှာလည်း ဗုံးဖောက်ခွဲခဲ့ပါတယ်။