ရိက္ခာသွားထုတ်ပြီး ပြန်လာတဲ့ ခလရ ၉၇ ကို မယ်တရူလိုကျေးရွာအနီးမှာ KNLA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာယီတပ်ရင်းမှူးအပါအဝင် အကြမ်းဖက်စစ်သား အယောက်၂၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၁ ရက်နေ့ နေ့ခင်းပိုင်းက မူတြော်ခရိုင် ၊ဒွယ်လိုးမြို့နယ်၊ မယ်တရူလိုကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၀ ယောက်ကျော် ပျောက်ဆုံးနေ ပြီး ၁၆ ဦးဖမ်းမိကာ ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
‘၁၀ ယောက်လောက်ပဲ တပ်ရင်းပြန်လည်ရောက်ရှိနိုင်ခဲ့တယ်။ နောက်တန်းဌာနချုပ်မှာ ရဲမေတွေ ဆောက်တည်ရာမရ ဖြစ်နေလို့ ဗျုဟာမှူးကိုယ်တိုင် ခလရ ၉၇ တပ်ရင်းမှာ သွားရောက်ထိန်းသိမ်းနေရတယ်’လို့ တပ်တွင်း သတင်းရင်းမြစ်က ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း လက်နက်မျိုးစုံ၊ လက်ကိုင်ဖုန်းတွေနဲ့ ကျပ်သိန်း ၃၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့လည်း မူတြော်ခရိုင်သတင်းစဉ်က ဖော်ပြခဲ့ပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့လည်း မူတြော်ခရိုင်သတင်းစဉ်က ဖော်ပြထားပါတယ်။