တန့်ဆည်မြို့ စိမ်းစားကျေးရွာကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး ပြည်သူတွေကို ပစ်ခတ်၊မီးရှို့

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် စိမ်းစားကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက် ဖျက်ဆီးပြီး ပြည်သူတွေကို ပစ်ခတ်၊မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ Shwebo Daily Newsက ဖော်ပြထားပါတယ်။
ဒီကနေ့ မတ်လ ၁၂ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက စိမ်းစားကျေးရွာကို ဝင်ရောက်စီးနင်းပြီး အကြောင်းမဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အသက် ၁၅နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကျည်မှန်ကာ အသက်ဆုံးပါးခဲ့ပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်းကို နေအိမ် ၅လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်မီးလောင်မှုကြောင့် အသက် ၇၀အရွယ် မသန်စွမ်း အဖွားအိုတစ်ဦးဟာလည်း မပြေးလွှားနိုင်ဘဲ မီးလောင်ပြီး အသက်ဆုံးပါးခဲ့တယ်လို့ သိရပါတယ်။
စိမ်းစားကျေးရွာအတွင်းမှာ စစ်အုပ်စုက ဖျက်ဆီးလုယက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ပြည်သူအချို့လည်း ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။