လျှပ်စစ်မီး မရချိန်မှာ ဖုန်းလိုင်းတွေပါ ယာယီပြတ်တောက်နိုင်တယ်လို့ အော်ပရေတာတွေ သတိပေး

မြန်မာနိုင်ငံအနှံ ဒီကနေ့ မတ်လ ၁၂ ရက်နေ့က ၁၈ ရက်နေ့အထိ နေရာအချို့မှာ ၂၄ နာရီအကြာထိ လျှပ်စစ်မီးပြတ်တောက်ပါက ဆက်သွယ်ရေးဖုန်းလိုင်းတွေပါ ယာယီပြတ်တောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆယ်သွယ်ရေးအော်ပရေတာတွေက သတိပေးစာတွေကို သုံးစွဲသူတွေကို ပေးပို့ခဲ့ပါတယ်။
“နေရာအချို့တွင် လျှပ်စစ်ဓါတ်အားပေးလွှတ်မှုကို မတ်လ ၁၂ ရက် မှ ၁၈ ရက်အထိ အချိန်ပိုင်း လျှော့ချသွားမည်ကို တာဝန်ရှိသူများမှ အသိပေးထားသည်နှင့်အညီ ဖြစ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို တယ်လီနောမြန်မာအနေဖြင့် အတတ်နိုင်ဆုံး လျှော့ချလုပ်ဆောင်သွားမည်။ ထိုကာလတွင်းယာယီခဏ ဆက်သွယ်ရေးအခက်အခဲများရှိနိုင်သောကြောင့်အဆင်မပြေမှုများအတွက် နားလည်ပေးပါရန်မေတ္တာရပ်ခံပါသည်” လို့ တယ်လီနောမြန်မာက သုံးစွဲသူတွေကို စာတွေပေးပို့ထားပါတယ်။
လျှပ်စစ်မီးပြတ်တောက်ချိန်မှာ ဆက်သွယ်ရေးတာဝါတိုင်တွေမှာ မီးစက်တွေ ထားရှိပေမယ့် စက်သုံးဆီစျေးနှုန်းမြင့်တက်နေတာကြောင့် ဆက်သွယ်ရေး ယာယီဖြတ်တောက်ထားဖို့ သတိပေးတာဖြစ်တယ်လို့ အော်ရီဒူးမြန်မာက အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“မြို့ပေါ်တာဝါတိုင်တွေမှာက နေရာတိုင်း မီးစက်နဲ့မမောင်းနိုင်တော့ လိုင်းနည်းကျမယ် လိုင်းပြတ်တဲ့အထိတော့ မဖြစ်နိုင်ဘူး၊ နယ်တွေမှာကတော့ ဆိုလာသုံးတဲ့ တိုင်တွေလည်းရှိတယ်၊ များသောအားဖြင့် မီးစက်နဲ့ပဲ အမြဲမောင်းပြီး တိုင်ကိုမီးပေးတာများပါတယ်၊ အဲ့လိုနေရာတွေဆိုရင် အချိန်ပိုင်းအလိုက် တိုင်အလိုက် အဖွင့်အပိတ်လုပ်ပြီးပေးနေကြရပြီ”လို့ အော်ရီဒူးမြန်မာက အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
မြို့ပေါ်နေရာအများစုမှာ အင်တာနက်လိုင်းတွေလည်း ကျဆင်းနေပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေကို ဆက်သွယ်အကြောင်းကြားပေမဲ့ တာဝန်ယူဖြေရှင်းပေးတာမရှိဘူးလို့ သိရပါတယ်။
“အင်တာနက်လိုင်းက ကျနေတဲ့အချိန်များတယ် 5Mb တပ်ထားတာ 1Mb တောင် မရလို့ ပြောလည်း မသိချင်ယောင်ဆောင်နေတယ်၊ မီးပျက်ချိန်ကြာသွားရင်ကိုယ်ကသာ အိမ်မှာ ပါဝါဘန့်နဲ့ တွဲထားတာ၊ လိုင်းကကျနေပြီး ဘာမှသုံးမရဘူး၊ အရင်ကဆို ဖုန်းဆက်တာနဲ့ ပြင်ပေးတယ်၊ အခုက တာဝန်ယူမှု ဘယ်ကမှ မရှိကြဘူး”လို့ ရန်ကုန်မြို့ခံ တစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း အဖက်ဖက်က ယိုယွင်းကျဆင်းလာခဲ့ကာ ရန်ကုန်မြို့ပေါ်မှာ ရေရှားပါးပြတ်လပ်မှုတွေကို ရင်ဆိုင်လာနေရပါတယ်။