ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ထန်းပင်ကုန်းကျေးရွာမှာ ပျူစောထီးခေါင်းဆောင်လို့ ဒေသခံတွေအကြား နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ မတ်လ ၁၁ ရက်နေ့ မနက် ၃ နာရီခန့်လောက်မှာ ထန်းပင်ကုန်းကျေးရွာနေ ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ကိုလှိုင်ဝင်းအောင်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ စွန်ရဲနီတပ်ဖွဲ့က ပစ်ခတ်ရှင်းခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ကိုလှိုင်ဝင်းအောင်ဟာ ပျူစောထီးခေါင်းဆောင် ဖြစ်ရုံသာမကဘဲ ရဲဝတ်စုံတွေ ဝတ်ဆင်ကာ ပြည်သူတွေကို ခြိမ်းခြောက် ပိုက်ဆံတောင်းကာ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းတွေကို စစ်အုပ်စုတွေဆီ ပေးပို့ပြီး ဖမ်းဆီးခိုင်းနေသူလဲ ဖြစ်တယ်လို့ စွန်ရဲနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုတွေ အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက အင်္ဂပူမြို့အဝင်အထွက်နေရာတွေသာမက ထန်းပင်ကုန်ကျေးရွာကိုပါ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။