သံအမတ်နေအိမ်က ဖယ်ပေးဖို့ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်အစိုးရတိုက်တွန်း

Photo – Reuters

ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို သူရာထူးက ဖယ်ရှားခံရပြီးကတည်းက ဆက်လက်နေထိုင်နေတဲ့ လန်ဒန်မြို့က သံအမတ်ကြီးနေအိမ်ကနေ ဖယ်ရှားပေးဖို့ ဗြိတိန်အစိုးရက တိုက်တွန်းလိုက်တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။ 

မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ ဖိအားပေးမှုအရ ဦးကျော်စွာမင်းကို  ဗြိတိန်အစိုးရက အခုလို တိုက်တွန်းတဲ့ အီးမေးလ်တစောင်ကို Reuters သတင်းဌာနက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဦးကျော်စွာမင်းဟာ ၂၀၂၁ ဧပြီမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး အဲဒီနောက်ပိုင်း သံရုံးထဲ ပြန်ဝင်မရတော့ဘူးလို့ သိရပါတယ်။

သူဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် ဝေဖန်ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သံအမတ်ရာထူးက ဖယ်ရှားခံခဲ့ရတာပါ။ လက်ရှိအချိန်အထိ  လန်ဒန်အနောက်မြောက်ပိုင်းက သံအမတ်ကြီးနေအိမ်မှာ ဆက်လက် နေထိုင်နေတာ ဖြစ်ပါတယ်။

သံအမတ်နေအိမ်မှာ ဦးကျော်စွာမင်း ဆက်နေထိုင်နေတဲ့ကိစ္စကို ဖြေရှင်းပေးဖို့ အာဏာသိမ်းစစ်အုပ်စုဖက်က တော်တော်လေးဖိအားပေးတာနဲ့ ကြုံတွေ့နေရတယ်လို့ ဗြိတိသျှနိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတဦးက သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဆီ မတ်လ ၄ ရက်နေ့မှာပေးပို့ခဲ့တဲ့ အီးမေးလ်ထဲမှာရေးထားတာကို Reuters သတင်းက ကိုးကားဖော်ပြထားပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဌာနက မနှစ် အောက်တိုဘာလအတွင်း ရေးပို့ခဲ့တဲ့ စာထဲမှာတော့ ဦးကျော်စွာမင်း အခုလို သံအမတ်ကြီးနေအိမ်မှာ ဆက်နေတာက ဗြိတိန်အတွက်ရော မြန်မာနိုင်ငံမှာရှိနေတဲ့ သူတို့သံရုံးက ဝန်ထမ်းတွေအတွက်ပါ ဥပဒေကြောင်းအရ ပြဿနာရှိစေတယ်လို့ ဖော်ပြထားပါတယ်။

ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်အဖြစ် ၇ နှစ်နီးပါးလောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးကျော်စွာမင်းကတော့ ဗြိတိသျှနိုင်ငံခြားရေးဌာနကပို့တဲ့ အီးမေးနဲ့ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေးပြောကြားဖို့ ငြင်းဆန်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အထိ ဒါမှမဟုတ် ဗြိတိန်အစိုးရက အသိအမှတ်ပြုတဲ့ အရပ်သားအစိုးရတရပ် မြန်မာနိုင်ငံမှာ တက်လာသည်အထိ ဖယ်ပေးမှာ မဟုတ်ဘူးလို့ Reuters သတင်းဌာနကို ပြောပါတယ်။