စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်နဲ့ အနီးတ၀ိုက်ကျေးရွာတွေမှာ မတ်လ ၅ ရက်နေ့ကနေ ဒီနေ့အထိ ၆ ရက်အတွင်း ဒေသခံတွေနဲ့ PDF ရဲဘော် စုစုပေါင်း ၁၇ ဦးကျဆုံးခဲ့တယ်လို့ ခင်ဦး PDF ကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မတ်လ ၅ ရက်နေ့ကစ ခင်ဦးမြို့နဲ့အနီးနားကျေးရွာတွေကို အင်တာနက် ဖြတ်တောက်ခဲ့ပြီး နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်နေရာက ၆ ရက်တာအတွင်း လက်နက်ကြီး အချက်ရေ ၅ဝ ကျော်နဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့သလို ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဟာ သိမ်တော်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်အုပ်စုတပ်ဖွဲ့၀င်တချို့သေဆုံးခဲ့သလို ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အပါအဝင် ကျွန်းလည်ကျေးရွာ၊ သိမ်တော်ကျေးရွာ၊ သရက်ပင်ဝင်းကျေးရွာတို့ကို လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင်နေပြီး မနေ့က သက်ပေးကျေးရွာကို ထပ်မံဝင်ရောက်စီးနင်းကာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။
မတ်လ ၉ ရက်နေ့ကလည်း မူးသာကျေးရွာကနေတဆင့် ရသေ့ကုန်းဘက် ဆက်လက်ဝင်ရောက် မွှေနှောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။