ရေစကြိုမှာ စစ်အုပ်စုက ရဲတစ်ဦးနဲ့ ကြံ့ဖွံ့ပါတီဝင်တစ်ဦးကို ပစ်ခတ်

မကွေးတိုင်း ရေစကြိုမြို့မှာ အကြမ်းဖက်စစ်အုပ်စုက သူတို့လက်အောက်ခံ အပေါင်းအပါ ရဲတစ်ဦးနဲ့ ကြံ့ဖွံ့ပါတီဝင်တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မတ်လ ၈ ရက်နေ့ ည ၉ နာရီခွဲလောက်မှာ ရေစကြိုမြို့ ဖောင်တော်ဦးရပ်၊ ဖောင်တော်ဦးဘုရားအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုက ဖြတ်သန်းသွားလာတဲ့ ရဲတပ်သား ဂျော်ကာတိုးနဲ့ ကြံ့ဖွံ့ပါတီဝင် ဦးဝင်းမြင့်ကို စစ်အုပ်စုက ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
“ကင်းပုန်းဝပ်နေတဲ့ စစ်တပ်က သူတို့ကို ပစ်တာ၊ ရဲက ကျွန်တော်ရဲပါလို့ ပြောတာကိုပါ စစ်သားတွေက မူးနေတော့ ပစ်ထည့်လိုက်တာ၊ နှစ်ယောက်စလုံး သေသွားပြီ၊ ရဲအပစ်ခံရတော့ သူ့မိသားစုက မကျေနပ်ဘဲ အမှုသွားဖွင့်တာကို ရဲကဖွင့်မပေးဘူး၊ အချင်းချင်းချကြတာ အေးတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ရဲတပ်သားနဲ့ ကြံ့ဖွံပါတီဝင်ရဲ့ မိသားစုဝင်တွေကို စစ်အုပ်စုရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ကြေး ၅ သိန်းစီ ပေးအပ်မယ်လို့ ဒေသခံတွေအကြား သတင်းထွက်ပေါ်နေပေမယ့် DNA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။