ဂျပန်ရင်းနှီးမြုပ်နှံသူတွေ ရဲတံခွန်စီမံကိန်းကနေ ထွက်ခွာဖို့ Justice For Myanmar တောင်းဆို

ဂျပန်ရင်းနှီးမြုပ်နှံသူတွေ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းကနေ တာဝန်ရှိစွာ ထွက်ခွာဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
မြန်မာအကြမ်းဖက် စစ်တပ်ဟာ နိုင်ငံသားတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပေမဲ့ ဂျပန်အစိုးရနဲ့ ENEOS တို့ဟာ အကြမ်းဖက် စစ်အုပ်စုအတွက် ဧရာမဝင်ငွေအရင်းအမြစ်ဖြစ်တဲ့ ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းကနေ နှုတ်ထွက်ဖို့ မဆုံးဖြတ်ရသေးကြောင်း Mitsubishi Corporation အနေနဲ့အဲဒီစီမံကိန်းကနေ ထွက်ခွာမယ်ဆိုတဲ့ အကြောင်းရင်းမှာ လူ့အခွင့်အရေးကြောင့်မဟုတ်ဘဲ အမြတ်အစွန်းထိခိုက်မှုသာဖြစ်ကြောင်းသိရပါတယ်။
မြန်မာနိုင်ငံမှာ အကျိုးအမြတ်ကြီးမားတဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက် လေးခုရှိပြီး အာဏာမသိမ်းမီ အဲဒီစီမံကိန်းတွေက ရရှိတဲ့ငွေဟာ နိုင်ငံတော် ဘက်ဂျက်ရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာက ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ ရဲတံခွန်စီမံကိန်းကနေ ခြောက်လအတွင်း ကန်ဒေါ်လာ ၂၂ ဒသမ ၃၇ သန်း ရရှိမှာဖြစ်ပြီး ရဲတံခွန်စီမံကိန်းကို ဆက်လက်လုပ်ဆောင်ပါက အခုကိန်းဂဏန်းမှာ ဆက်လက်တိုးလာဖို့ပင်ရှိတယ်လို့ Justice For Myanmar က ဆိုပါတယ်။
ရဲတံခွန်စီမံကိန်းကို မလေးရှားအစိုးရပိုင် ရေနံကုမ္ပဏီ Petronas Carigali က ဦးဆောင်ပြီး ထိုင်းနိုင်ငံက PTTEP၊ ဂျပန်နိုင်ငံက Nippon Oil Exploration (Myanmar) နဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစုတစ်ခု ဖြစ်ပါတယ်။
Nippon Oil Exploration (Myanmar) ကို ဂျပန်နိုင်ငံအစိုးရ (စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန)၊ JX Nippon Oil & Gas Exploration နဲ့ Mitsubishi Corporation တို့က အကျိုးတူ ပူးတွဲဆောင်ရွက်နေပါတယ်။
ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ဂျပန်ရင်းနှီးမြုပ်နှံသူတွေ တာဝန်သိစိတ်နဲ့ ထွက်ခွာဖို့ တောင်းဆိုတဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ ပါဝင်ကြပါ လို့ Justice For Myanmar က ဆိုပါတယ်။