စစ်အုပ်စုလက်ချက်ကြောင့် ယင်းမာပင်မြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၁၁ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွက စစ်ဘေးရှောင် ပြည်သူ ၁၀ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး သတ်ဖြတ်ပြီး အလောင်းတွေစုပုံ မီးရှို့ခဲ့တယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်လိုက်ပါတယ်။
မနေ့က မတ်လ ၈ရက်နေ့မှာ စစ်အုပ်စုက လက်ပံတောကျေးရွာကို ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၁၀ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ရုပ်အလောင်းတွေကို နေအိမ်တစ်လုံးထဲမှာ စုပုံ မီးရှို့ခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ဘေးရှောင်နေတဲ့ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးကိုလည်း နှိပ်စက်သတ်ဖြတ်ပြီး ရုပ်အလောင်းကို ဘုန်းကြီးကျောင်းဝင်းအတွင်းမှာပဲ ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဘုန်းကြီးကျောင်းဝင်းအတွင်း သေဆုံးနေတဲ့ အမျိုးသမီးကို တစ်ကိုယ်တော် သုဘရာဇာ LPDFနဲ့ Hero Tiger အဖွဲ့က ပူးပေါင်းပြီး ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ လက်ပံကျေးရွာအနီးမှာရှိတဲ့ သီးကုန်းကျေးရွာအတွင်းမှာ တပ်စွဲထားပြီး အနီးဝန်းကျင် ကျေးရွာတွေကိုပါ မွှေနှောက်ဖျက်ဆီးနေတယ်လို့ သိရပါတယ်။