ခင်ဦးမြို့နယ်မှာ စစ်အုပ်စုလက်ချက်ကြောင့် ပြည်သူ ၃ဦးနဲ့ LPDF တပ်ဖွဲ့ဝင် ၁၁ဦးသေဆုံး

ဓာတ်ပုံ- လူမှုကွန်ယက်
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သိမ်တော်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုက လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ၃ဦးနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ဦးကို လယ်ကွင်းပြင်တစ်နေရာမှာ သတ်ဖြတ်ပြီး အလောင်းတွေကို စွန့်ပစ်ခဲ့တယ်လို့ Shwebo Daily News က ဖော်ပြထားပါတယ်။
မနေ့က မတ်လ ၈ရက်နေ့ မနက် ၁၀နာရီခန့်မှာ စစ်အုပ်စု သိမ်တော်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျွန်းလည်ကျေးရွာက ပြည်သူ ၃ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ သိမ်တော်ကျေးရွာကိုလည်း လက်နက်ကြီးတွေနဲ့ အချက်ရေ ၅၀ကျော်ထိ ပစ်ခတ်ခဲ့ပါတယ်။
စစ်အုပ်စုဟာ သိမ်တော်ကျေးရွာကို စီးနင်းပြီးနောက်မှာ ဖမ်းဆီးထားတဲ့ ပြည်သူ ၃ဦးနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ဦးကိုပါ သတ်ဖြတ်ပြီး အလောင်းတွေကို စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။