မကွေးတိုင်း ကျောက်ထုမြို့ရှိ စစ်အုပ်စု လက်အောက်ခံ မြို့မရဲစခန်းက လှည့်ကင်းအဖွဲ့ အတိုက်ခံရပြီး ၇ဦးသေဆုံးကာ ၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ထု PDFက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ၈ရက်နေ့ မနက် ၈နာရီခွဲလောက်မှာ ကျောက်ထုမြို့ရဲစခန်းကနေ မြို့ထဲကို ပတ်ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကျောက်PDF မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ CDF (Mindat)တို့ ပူးပေါင်းပြီး မိုင်း၃သုံးခွဲဖောက်ခွဲကာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်မှာ မြို့မရဲစခန်းကနေ စစ်ကူမလာနိုင်အောင် ကျောက်ထုPDF လက်နက်ကြီးတပ်ဖွဲ့က ရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအပြီးမှာ ကျောက်ထုလေတပ်အတွင်းကနေ ရဟတ်ယာဉ်တစ်စီးနဲ့ စစ်ကူနဲ့ လက်နက်ခဲယမ်းတွေ လာရောက်ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုဝင်တွေကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
မြို့ထဲမှာလည်း စစ်အုပ်စုက တင့်ကားနှစ်စီးကို ကျောက်ထု ဘဏ်ရုံးအနီးမှာ ရပ်ထားပြီး ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးမှာရှိတဲ့ ပြည်သူ အမျိုးသား၂ဦးနဲ့ အမျိုးသမီး ၃ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ပူးပေါင်းတပ်ဖွဲ့က ထိခိုက်သူမရှိခဲ့ဘူးလို့ ကျောက်ထုPDFက ထုတ်ပြန်ထားပါတယ်။