လှိုင်မြို့နယ်မှာ NLD ပါတီဝင် ဒုအရာခံဗိုလ် (ငြိမ်း) တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဖမ်းဆီးခံရ

ဓာတ်ပုံ-လူမှုကွန်ရက်
 ရန်ကုန်မြို့ လှိုင်မြို့နယ် အမှတ် (၈) ရပ်ကွက်မှာ NLD ပါတီဝင်ဖြစ်သူ မြဝတီ ရုပ်သံထုတ်လွှင့်ရေးတပ်မှ ဒုအရာခံဗိုလ် (ငြိမ်း) တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်အုပ်စုက NUG၊ PDFတို့ကို ထေက်ပံ့ကူညီနေတယ်လို့ စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီရုပ်သံထုတ်လွှင့်ရေးတပ်မှ အငြိမ်းစားယူခဲ့သူ ဒုအရာခံဗိုလ် ဦးကျော်ဌေးဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ တပ်တွင်းသတင်းတွေနဲ့ တပ်တည်နေရာ အပြောင်းရွေ့သတင်းတွေကို PDF တွေကို ပေးပို့တယ်လို့ဆိုကာ မနေ့က မတ်လ ၇ ရက်နေ့မှာဖမ်းဆီးခဲ့တာဖြစ်ပြီး အမှတ် (၈) ရပ်ကွက် သုခလမ်းမှာ နေထိုင်တဲ့ ကိုဟန်နောင်ဖြိုး မနှင်းဖြူအေးတို့လည်း PDF တွေကို ကူညီပေးနေတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာပါ။
“အင်အား ၂၀ လောက်နဲ့ ပိတ်ပြီးတော့ ဝင်ဖမ်းတာ၊ ဦးကျော်ဌေးဝင်းကိုကျ တပ်တွင်းသတင်းတွေကို ပေးနေတယ်ဆိုပြီး ဖမ်းတာ၊ ကိုဟန်နောင်ဖြိုးတို့ကိုကျတော့ သူတို့ Facebook တွေမှာ တော်လှန်ရေးသမားတွေကို ထောက်ခံကြောင်းရေးလို့ဆိုပြီး ဖမ်းတာလို့ ကြားပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။