ကယားစစ်ရှောင် ၁၃၀၀၀ ကျော်အတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဝေ

ကယားပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာ ၁၃၀၀၀ ကျော်အတွက် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်ဝေခဲ့တယ်လို့ UNHCR က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးကို ရွှေ့ပြောင်းနေထိုင်နေကြတဲ့ ကယားပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူတွေကို စောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ ခြင်ထောင်နဲ့ ဆောင်းရာသီ အသုံးအဆောင်ပစ္စည်းစတဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေကို ဇန်နဝါရီလလယ်ကနေစပြီး UNHCR နဲ့ မိတ်ဖက်အဖွဲ့တွေက ထောက်ပံ့ခဲ့တယ်လို့ဆိုပါတယ်။
အခြေခံ အိမ်သုံးပစ္စည်းတွေနဲ့ အဝတ်အစား မလုံလောက်မှုတွေကို ဆက်လက်ကူညီပံ့ပိုးသွားမှာဖြစ်ပြီး ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ပုလဲမြို့နယ်အတွင်းရှိ PDF ခေါင်းဆောင်တစ်ဦးက ကုလအဖွဲ့အစည်းတွေရဲ့ စစ်ရှောင်ပြည်သူထောက်ပံ့မှုဟာ နယ်စပ်ဒေသတွေဆီသာ ရောက်ရှိပြီး စစ်ကိုင်းတိုင်းတို့လို အတွင်းပိုင်းဒေသတွေဆီ မရောက်ဘူးလို့ ဆိုပါတယ်။
‘ကျွန်တော်တို့ စစ်ကိုင်းတိုင်းထဲမှာ နေ့စဉ် ထွက်ပြေးနေရသူတွေ ရွာမီးရှို့ခံရတာတွေ ရှိနေပေမဲ့ ကိုယ့်ပြည်တွင်းက တတ်နိုင်သလောက် ပံ့ပိုးတဲ့ အကူအညီပဲရတယ်’ လို့ သူကပြောပါတယ်။