ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ လုပ်ဆောင်နိုင်ရေးအတွက် တနင်္လာနေ့နံနက်ခင်းကစပြီး အပစ်အခတ်ရပ်စဲထားမယ်လို့ ရုရှားဘက်က ထုတ်ပြန်ခဲ့ပေမယ့် ယူကရိန်းနိုင်ငံရဲ့ မြို့တော်ကြီးတွေကို ရုရှားတပ်တွေက မရပ်မနားထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ဗဟိုချက်၊ မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေက မြို့တော်ကြီးတွေမှာ ရုရှားလက်နက်ကျည်တွေ အများအပြားကျရောက်ခဲ့တာကြောင့် သိန်းနဲ့ချီတဲ့လူတွေ ဘေးလွတ်ရာကို ထွက်ပြေးကြရပြီး နောက်တစ်ရက်မှာ ခုလို အကန့်အသတ်နဲ့ အပစ်အခတ်ရပ်စဲပေးကြောင်း မတ်လ ၇ ရက်နေ့မှာ ကြေညာခဲ့တာပါ။
ရုရှားတပ်တွေရဲ့ ထိုးစစ်တွေက ဆက်ရှိနေပြီး မြို့တော်ကိယက်ဗ်ရဲ့ တောင်ဘက် ကီလိုမီတာ ၄၈၀ အကွာက မီကိုလေယက်ဗ်မြို့မှာ ပစ်ခတ်မှုတွေရှိနေကြောင်း ယူကရိန်းက ဆိုပါတယ်။ မြို့တော်ကိယက်ဗ်ရဲ့ ဆင်ခြေဖုံးတွေမှာလည်း လက်နက်ကျည်တွေ ဆက်ကျနေပြီး သုံးရက်တိတိ လျှပ်စစ်မီး၊ ရေနဲ့ အပူပေးစနစ်တွေ ပြတ်တောက်နေခဲ့ပါတယ်။
ရုရှားတပ်တွေဟာ လူသားချင်းစာနာမှု အစီစဉ်တွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေအတွက် ဘီလာရုစ်ရဲ့ လေကြောင်းကွန်ရက်တွေကို ကျူးကျော်သူ(ရုရှား)တွေက သုံးနေကြကြောင်း ယူကရိန်းဘက်က ပြောဆိုပါတယ်။
စစ်ပွဲစတင်ဖြစ်ပွားပြီး ၁၂ ရက်မြောက်နေ့မှာ အပစ်အခတ်ခေတ္တရပ်စဲတာဖြစ်တယ်လို့ ရုရှားအထူးတပ်ဖွဲ့က ဆိုပါတယ်။ ဒါပေမယ့် အပစ်အခတ် ရပ်စဲရာမှာ သတ်မှတ်ထားတဲ့ မာရူပို၊ ခါကိဗ်နဲ့ ဆူမီမြို့တော်ကြီးတွေပဲ အကျုံးဝင်သလားဆိုတာနဲ့ ဘယ်အချိန်အထိ ရပ်စဲထားမှာလဲ ဆိုတာတွေကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။