သစ္စာဖောက် KNG နဲ့ပျူစောထီးတွေကို ထိရောက်စွာဒဏ်ခတ်အရေးယူမယ်

မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့နယ်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းချီရာမှာ ဦးဆောင်လမ်းပြခဲ့တဲ့ ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG) နဲ့ ပျူစောထီးတွေကို ထိရောက်စွာ ဒဏ်ခတ်အရေးယူသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ (၁၅) ရက်က စတင်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်အထိ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း နယ်မြေအနေအထား၊ ဒေသတွင်းအခြေအနေနဲ့ စစ်ဆင်ရေး လမ်းကြောင်းတွေကို မိုးဗြဲအခြေစိုက် ကယားအထူးဒေသ (၁) – ကယန်းအမျိုးသားကာကွယ်ရေးတပ် (Kayan National Guard – KNG) က ဦးဆောင်လမ်းပြခဲ့ကြောင်း KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် KNG ရဲ့ ဦးဆောင်မှုနဲ့ ပျူစောထီးအဖွဲ့တွေကို အကြမ်းဖက် စစ်တပ်က လက်နက်တပ်ဆင်ပေးပြီး ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေ တယ်လို့လည်း ဆိုပါတယ်။
KNG ရဲ့ အဲဒီလုပ်ရပ်တွေကြောင့် အကြမ်းဖက် စစ်ဆင်ရေး လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေက ကယန်းလူမျိုးတွေနဲ့ ပြည်သူတွေ ဒုက္ခရောက်ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မိုးဗြဲမြို့နယ်အတွင်း စစ်ဘေးသင့်တွေကို အကူအညီပေးနေသူတစ်ဦးက ‘KNG ဆိုတာ ကိုယ့်တိုင်းရင်းသားချင်း ဒုက္ခရောက် သတ်ဖြတ်ခံနေရတာကိုတောင် မထောက်ထားဘဲ စစ်ခွေးတွေဘက်က ပါခဲ့တာပါ။ အင်မတန် ကြောက်စရာကောင်းတဲ့ သစ္စာဖောက်ဖျက်မှုပါ။ သူတို့မှာ သူတို့အကျိုးစီးပွားကလွဲပြီး ဘာကိုမှ မတွေးဘူး’ လို့ ဆိုပါတယ်။
KNDF အနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက် ဆက်စပ်ပတ်သက်သူတွေ အားလုံးကို ထိရောက်စွာ ကိုင်တွယ်သွားမယ်လို့လည်း ဆိုပါတယ်။
ပုံစာ-ကရင်နီစစ်ရှောင်ပြည်သူတွေ