ဒေါ်အောင်ဆန်းစုကြည်ဝတ်စုံ လေလံတင်ပွဲ အွန်လိုင်းကနေကျင်းပမယ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝတ်စုံလေလံတင်ရောင်းချပွဲကို အွန်လိုင်းကနေမတ်လ ၆ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။
လေလံတင်မယ့် အင်္ကျီကို နဝတ၊ နအဖလက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလမှာ လက်မောင်းအဆက်ကြား အရောင်ကွပ် ဒီဇိုင်းထွင်ခဲ့ပြီး အတူနေသူ NLD ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းက ချုပ်ပေးခဲ့ကြောင်း စက်ကြီးပန်းထိုးတွေ၊ အနားကွပ်တဲ့ အရောင်အသွေးတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ် တွဲစပ်ပေးထားကြောင်း အထူးသဖြင့် ထမီရဲ့အထက်ဆင့်တွေကို အနက်ရောင် မသုံးတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးခြားချက်ဖြစ်ကြောင်း NUG အစိုးရရဲ့ ကိုရီးယားဆိုင်ရာ ကိုယ်စားလှယ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအင်္ကျီကို လက်ဆောင်အဖြစ် ရရှိခဲ့သူက အများအကျိုးရှိစေမယ့် နေရာမှာ အသုံးပြုစေလိုပြီး တောင်ကိုရီးယား နိုင်ငံရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံအရေး လှုပ်ရှားဆောင်ရွက်မှုတွေကို ပူးပေါင်းပါဝင်လိုစိတ်နဲ့ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းထံ ပေးပို့ခဲ့တာလို့ သိရပါတယ်။
အလှူရှင်က အင်္ကျီလေလံတင် ရောင်းချရရှိတဲ့ငွေတွေအနက် အနည်းဆုံး တဝက်တိတိကို ဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးပြီး အပြင်မထွက်နိုင်၊ အလုပ်လည်းမရှိဘဲ ဒုက္ခရောက်နေတဲ့သူတွေဆီကို လှူပေးစေလိုကြောင်း တောင်းဆိုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယမှာနေခဲ့ချိန်တုန်းက စက်ချုပ်တာကို သင်ယူတတ်မြောက်ခဲ့ပြီး သူကိုယ်တိုင် စိတ်ကူးနဲ့ ဒီဇိုင်းလေးတွေ ဖန်တီးရတာ ပျော်ရွှင်ကျေနပ်တတ်သူ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဝတ်စုံ လေလံတင်ရောင်းချပွဲနဲ့အတူ KTJ SUPPORTING GROUP ရဲ့ တတိယအကြိမ် ကံစမ်းမဲအစီအစဉ် မိတ်ဆက်ပွဲ အခမ်းအနားကို မတ် ၆ ရက်နေ့ ကိုရီးယားစံတော်ချိန် မနက် ၁၁ နာရီ (မြန်မာစံတော်ချိန်မနက် ၈ နာရီခွဲ) မှာ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနဲ့ ပြည်ပရောက် နွေဦးတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းကျင်းပသွားပါမယ်။
ကြည့်ရှုနိုင်မည့်ဆိုင်ရာ Page များနှင့် Channels တွေက ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးပေချ့်၊ D Day၊ Mizzima၊ Khit thit ၊ KTJ SUPPORTING GROUP၊စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)၊ Rise again Myanmar ၊ We love motherland ၊Myingyan GZ group ၊မရွှေမိုး ကိုရီးယားနဲ့ကိုလင်းထက်အောင်တို့ပဲ ဖြစ်ပါတယ်။