ရန်ကုန်တိုင်းအတွင်း တစ်လတာ ပျံလွှားအောင် စစ်ဆင်ရေး အကြမ်းဖက် စစ်အုပ်စုဝင် ၇၀ နီးပါးသေ

ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၊ ပျံလွှားအောင်စစ်ဆင်ရေးရဲ့ တစ်လတာ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုဝင် ၇၀ နီးပါး သေဆုံးပြီး ၁၀၀ လောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီ ၄ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ တစ်လတာအတွင်း ပျံလွှားအောင်စစ်ဆင်ရေးရဲ့အစိပ်အပိုင်းအဖြစ် စစ်ဆင်ရေး ၄၃ ခု ဆောင်ရွက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားနဲ့ရဲ ၆၇ ဦး သေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အရှေ့ပိုင်းခရိုင်အတွင်း ဗုံးခွဲတိုက်ခိုက်မှုပေါင်း ၁၁ ကြိမ်နဲ့ ၄၀(မမ) ဗုံးသီးလောင်ချာနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဝင် ၁၅ ဦး သေဆုံးခဲ့ပါတယ်။အနောက်ပိုင်းခရိုင်အတွင်း ၃ ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဝင်၅ ဦး သေဆုံးခဲ့ပါတယ်။
တောင်ပိုင်းခရိုင်အတွင်း ပစ်ခတ်တိုက်ခိုက်မှု တစ်ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု ၆ ကြိမ်နဲ့ ၄၀(မမ) ဗုံးသီးလောင်ချာနဲ့ ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်ဝင် ၂၂ ဦး သေဆုံးခဲ့ပါတယ်။
‘ကျွန်တော်တို့မြို့ပြပြောက်ကျားတွေရဲ့ အဓိကလိုအပ်ချက်ကတော့ စစ်ဆင်ရေးအတွက် လက်နက်ခဲယမ်းလို အပ်ချက်ပါပဲ၊အဲဒီလိုအပ်ချက်သာ ပြည့်မီရင် စစ်ဆင်ရေးတွေ ပိုအားကောင်းလာမှာပဲ’လို့ တောင်ပိုင်းခရိုင် အတွင်းရှိ ပြောက်ကျားရဲဘော်တစ်ဦးက ပြောပါတယ်။
မြောက်ပိုင်းခရိုင်အတွင်း ဗုံးခွဲတိုက်ခိုက်မှု ၁၃ ကြိမ်၊၄၀(မမ) ဗုံးသီးလောင်ချာနဲ့ ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဝင် ၂၅ ဦး သေဆုံးခဲ့ပါတယ်။
တစ်လတာ တိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်တပ်ပိုင် တိုက်လေယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။