မအူပင်မှာ စခန်းမှူးအသစ်က ပြည်သူတွေကို မတရားဖမ်းဆီးပြီး ပိုက်ဆံရှာနေတယ်လို့ဆို

ဧရာဝတီတိုင်း မအူပင်မြို့မှာ အင်္ဂပူမြို့ကနေ ပြောင်းရွေ့လာတဲ့ စခန်းမှူးအသစ်က ပြည်သူတွေကို မတရားဖမ်းဆီးပြီး ပိုက်ဆံတောင်းယူမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုလက်အောက်ခံ မြို့မရဲစခန်းမှူးဟာ မြို့ပေါ်မှာရှိတဲ့ လူငယ်တွေနဲ့ ပရဟိတသမားတွေကို အကြောင်းမဲ့ ဖမ်းဆီးပြီး ပိုက်ဆံတောင်းယူတာတွေ လုပ်ဆောင်နေပြီး ပိုက်ဆံမပေးနိုင်သူတွေကို ၅၀၅နဲ့ အမှုဖွင့်ကာ ပိုက်ဆံတောင်းယူမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ချဲထီဒိုင်တွေကို တစ်ပတ်ကို လိုင်းကြေး ၇ သောင်းတောင်းယူကာ တရားဝင်ပုံစံခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
“အတော်ကိုဆိုးနေပါတယ်၊အဲ့လူက အင်္ဂပူကနေပြောင်းလာတာပါ၊ ညဖက်တွေဆိုရင် သူ့တပည့်တွေနဲ့ မူးရူးသောက်စားပြီး ဧည့်စာရင်းစစ်တယ်လို့ လုပ်ပြီး ဖုန်းတွေစစ်တယ် နည်းနည်းလောက် နိုင်ငံရေးအကြောင်း ရေးထားတာတွေ့ရင် ဖမ်းပြီး ပိုက်ဆံတောင်းတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မအူပင်ရဲတပ်ဖွဲ့က လယ်ကိုင်းကျေးရွာက အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကိုလည်း PDF ကို ငွေလှူဒါန်းဖို့ လှုံ့ဆော်တယ်လို့ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။