ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်းမှာ ယာဉ်မောင်းဖြစ်သူနဲ့ ဓားနဲ့ထိုးကာ အိမ်စီးကားတစ်စီးကို လုယက်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မတ်လ ၃ရက်နေ ည၈နာရီခန့်မှာ ဇေကမ္ဘာဝန်းအတွင်းမှာ အိမ်စီးကားတစ်စီးမောင်းနှင်လာတာကို ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသား၃ဦးက ကားကိုတားပြီး ယာဉ်မောင်းဖြစ်သူကို ဓားနဲ့ထိုးကာ ကားကိုလုယူသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်မောင်းဖြစ်သူကတော့ ထိုးသွင်းဒဏ်ရာနဲ့ အသက်ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။
“ဆိုင်ကယ်တစ်စီးနဲ့ လူ၃ယောက်က ကားကိုတားပြီးတော့ ယာဉ်မောင်းကောင်လေးကို သတ်ပြီး ကားရော အကုန်ယူပြေးသွားတာလို့ ကြားတာပဲ၊ ရန်ကုန်မှာက ဘယ်နေရာမှ မလုံခြုံတော့ဘူး တရားဥပဒေစိုးမိုးမှုက လုံးဝကို မရှိဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူအပြီးမှာ မြန်မာနိုင်ငံအနှံ့ လုယက်မှုတွေ ဓားပြတိုက်မှုတွေ နေရာအနှံ့ဖြစ်ပေါ်နေပြီး မှုခင်းဖြစ်စဉ်တွေရဲ့ ၉၀ရာခိုင်နှုန်းကို ဖော်ထုတ်ဖမ်းဆီးနိုင်မှုတွေ မရှိခဲ့ဘူးလို့ မှတ်တမ်းတွေအရ သိရပါတယ်။