ရုရှားတပ်တွေတိုက်ခိုက်လို့ ယူကရိန်းနျူကလီးယားစက်ရုံ မီးလောင်

ဒီနေ့မနက်အစောပိုင်းက ရုရှားတပ်တွေ တိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ Zaporizhzhia နျူကလီးယားစက်ရုံ မီးလောင်ခဲ့တယ်လို့ စက်ရုံတာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီနျူကလီးယားစက်ရုံဟာ ဥရောပမှာ အကြီးဆုံးဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပါက ချာနိုဘိုင်းထက် ၁၀ဆပိုဆိုးတဲ့ ဘေးအန္တရယ်ဖြစ်နိုင်တယ်လို့ ယူကရိန်းအာဏာပိုင်တွေက သတိပေးထားပါတယ်။
ယူကရိန်းတနိုင်ငံလုံးကိုပေးနေတဲ့ လျှပ်စစ်စွမ်းအင်ရဲ့ လေးပုံတပုံဟာ Zaporizhzhia စက်ရုံက ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ ရုရှားတပ်တွေ ဗုံးကြဲတိုက်ခိုက်ပြီးနောက် စက်ရုံထဲက နျူကလီးယားဓာတ်ပေါင်းဖို၆ခုထဲက ၁ခု မီးလောင်သွားခဲ့တာပါ။ အဲဒီဓတ်ပေါင်းဖိုဟာ လည်ပတ်နေတာမဟုတ်ပေမယ့် နျူကလီယားလောင်စာတွေ သိုလှောင်ထားတာလို့ စက်ရုံတာဝန်ရှိသူတဦးက ဆိုပါတယ်။
“ပေါက်ကွဲသွားရင်တော့ ချာနိုဘိုင်းထက် ၁၀ ဆ ပိုကြီးလိမ့်မယ်” လိ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ကမ္ဘာ့သမိုင်းတွင် အဆိုးရွားဆုံးလို့ ယူဆရတဲ့ ၁၉၈၆ ယူကရိန်းနျူကလီးယား ဘေးအန္တရာယ်ကို ကိုးကားပြီး ထုတ်ပြန်ချက်မှာ သတိပေးခဲ့ပါတယ်။
လက်ရှိမှာတော့ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး စက်ရုံကတော့ ဘေးကင်းတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။