ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် ရုရှားကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်တဲ့ တောင်ကိုရီးယား ဆေးကုမ္ပဏီ အခက်တွေ့

Photo – Reuters

ယူကရိန်းအရေး အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမိုများပြားလာတဲ့နောက် ရုရှားရဲ့ ကိုဗစ်ကာကွယ်ဆေး စပွတ်နစ်ကို ထုတ်လုပ်ပေးရတဲ့ တောင်ကိုရီးယားဆေးကုမ္ပဏီတစ်ခုဟာ လုပ်ငန်းဆက်လက်လုပ်ကိုင်ဖို့ အခက်တွေ့လာရပါတယ်။

ဆိုးလ်မြို့အခြေစိုက် GL Rapha ကုမ္ပဏီရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ကမ်ဂျီယောင်ကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မရှိမဖြစ်ဆေးဝါးထုတ်လုပ်မှုတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ဒါပေမယ့် ကမ္ဘာ့ငွေကြေးပေးချေရေးစနစ်က ရုရှားဘဏ်ကြီးတွေအပေါ် ပိတ်ဆို့မှုတွေ လုပ်လာမှာဖြစ်တဲ့အတွက် ငွေကြေးပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်လို့ တောင်ကိုရီးယား ‌ဆေးကုမ္ပဏီဘက်က စိုးရိမ်မှုတွေ ရှိနေပါတယ်။ 

GL Rapha ကုမ္ပဏီဟာ ရုရှားရဲ့ တစ်ကြိမ်ထိုး Sputnik V ကိုဗစ်ကာကွယ်ဆေး အလုံးရေ ငါးသန်း ထုတ်လုပ်ပေးခဲ့ပြီး ရုရှားဘက်က နှောင့်နှေးမှုတွေကြောင့် ထိုးနှံဖို့ ဖြန့်ချိရခြင်း မရှိသေးသလို၊ နောက်ထပ် နှစ်ကြိမ်ထိုး Sputnik V ကိုဗစ်ကာကွယ်ဆေး သန်း ၁၅၀ နဲ့ တခြား Sputnik V ကိုဗစ်ကာကွယ်ဆေး သန်း ၅၀၀ ထုတ်လုပ်ဖို့ သဘောတူစာချုပ်မှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။