ဆွမ်ပီယန်ကျေးရွာ တပ်စခန်းကို စစ်အုပ်စုက ပြန်လည်တိုက်ခိုက်နေ

Photo- The 74 Media
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာအနီးမှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAက သိမ်းပိုက်ထားတဲ့ တပ်စခန်းကို စစ်အုပ်စုက ပြန်လည်တိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဒီကနေ့ မတ်လ၃ရက်နေ့ ညနေ ၅နာရီခန့်က စတင်ကာ စစ်အုပ်စုက ဆွမ်ပီယန်ကျေးရွာအဝင်ကနေ လက်နက်ကြီးတွေ ပစ်ခတ်ပြီး ပြန်လည်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ဆွမ်ပီယန် စခန်းမှာ ဒီညနေ (၅)ခွဲလောက်မှာ ဟုတ်တယ်။ KIAတွေ သိမ်းယူပြီးတဲ့ စခန်းကို စစ်ကောင်စီတပ်တွေက ပြန်လာတိုက်တာ။ စစ်ကောင်စီတပ်သားက လက်နက်ကြီးတွေ ပစ်ပေးတော့ ရွာက အိမ်တွေ လောင်ကုန်တာ။ ရွာအဝင်ကနေကို ပစ်ပေးတာ။ သူတို့ ပစ်ပေးတဲ့ လက်နက်ကြီးတွေ၊ ဗုံးတွေကြောင့်ပေါ့ လူနေအိမ်တွေ လောင်ကုန်ပြီ။ ဘယ်လောက် လောင်တယ်ဆိုတာ မသိရသေးဘူး။ ထွက်ပြေးနေရတာ ဆိုတော့။ ရွာထဲ ဝင်နေပြီလို့ ကြားတယ်။ မနက်ဖြန်ဘာဖြစ်မယ် မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်မှာ ဖြေကြားထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခိုက်နေပေမဲ့ ဆွမ်ပီယန်စခန်းကို မသိမ်းနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ ဆွမ်ပီယန်စခန်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို KIAက တိုက်ခိုက်ခဲ့ပြီး ဆွမ်ပီယန်စခန်းကို ပြန်လည်သိမ်းပိုက်ထားခဲ့တာပဲဖြစ်ပါတယ်။