အာဆီယံအထူးသံတမန်ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို မတ်လ၂၀ရက်နေ့မှာ စတင်မယ်လို့ BBC က ဖော်ပြပါတယ်။
လက်ရှိအာဆီယံ အထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်နိုင်ရေးကို ဆက်လက်အားထုတ်မယ်လို့ ဆိုပါတယ်။
အာဆီယံ အထူးသံတမန်အနေနဲ့ NUG အစိုးရနဲ့ တွေ့ခွင့်ပြုဖို့ မင်းအောင်လှိုင်ဆီကနေ ခွင့်ပြုချက်တောင်းရာမှာ မင်းအောင်လှိုင်က ပယ်ချခဲ့ပါတယ်။
‘ပရက်ဆော့ခွန်းအနေနဲ့ မြန်မာနိုင်ငံကို ၃ ရက်တောင်လာမယ်ဆိုတာ ဘာလာလုပ်မလဲ စဉ်းစားလို့မရအောင်ပါပဲ။ မင်းအောင်လှိုင်တွေ့ခွင့်ပေးတဲ့ လူတွေလောက်နဲ့တွေ့ပြီး တိုးတက်မှုရှိတဲ့ ခရီးစဉ်ပါလို့ အရင်ဟွန်ဆန်လာတုန်းကလို ကြွားလုံးထုတ်ဦးမယ်ထင်တယ်’ လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။
အာဆီယံအထူးသံဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ မဖြစ်နိုင်သလို မြန်မာ့အရေးမှာ အရေးပါတဲ့လူတွေနဲ့ တွေ့ခွင့်ရဖို့လည်း မဖြစ်နိုင်ဘူးလို့ သူကသုံးသပ်ပါတယ်။
အထူးသံရဲ့ မြန်မာခရီးစဉ်မှာ ဘယ်သူတွေနဲ့ တွေ့ဆုံခွင့်ရမလဲဆိုတာ မထုတ်ပြန်သေးပါဘူး။