အမေရိကန်လွှတ်တော်ဝင်စီးမှု ထရမ့်နဲ့ အပေါင်းအပါတွေရဲ့ ကြိုတင်ကြံစည်မှုအဖြစ် စစ်ဆေးတွေ့ရှိ

Photo – AP
အမေရိကန် လွှတ်တော်အဆောက်အအုံကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဝင်စီးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကွန်ဂရက်ရဲ့ စုံစမ်းရေးကော်မတီက ကြားနာစစ်ဆေးရာမှာ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ သမ္မတဟောင်း ထရမ့်နဲ့ အပေါင်းအပါတွေရဲ့ ရာဇဝတ်မှုမြောက်တဲ့ ကြိုတင်ကြံစည်လုပ်ဆောင်မှုတွေ ပါဝင်နိုင်တယ်လို့ မတ်လ ၂ ရက်နေ့က ပြောဆိုခဲ့ပါတယ်။
သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ မဲရလဒ်တွေအရ ဒီမိုကရက်ပါတီကဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လက်ရှိသမ္မတဘိုင်ဒန်ကို ရွေးကောက်ပွဲအနိုင်ရရှိကြောင်း အမေရိကန်ကွန်ဂရက်က အတည်ပြုနိုင်ရေးကို တားဆီးဖို့ရည်ရွယ်တဲ့ ရာဇဝတ်မှုမြောက်တဲ့ ကြိုတင်ကြံစည်မှုတွေမှာ ထရမ့်နဲ့ အပေါင်းအပါတွေ ပတ်သက်မှုရှိကြောင်း ကော်မတီတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့တာပါ။
ထရမ့်နဲ့ အပေါင်းအပါတွေဟာ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ သတင်းမှားတွေ ဖန်တီးပြီး မဲရလဒ်တွေ ပြောင်းလဲသွားစေဖို့ အစိုးရအရာရှိတွေကို ဖိအားပေးခဲ့ခြင်းဟာ ဖယ်ဒရယ်ဥပဒေများစွာနဲ့ ငြိစွန်းနေတယ်လို့ ကော်မတီရဲ့ စိစစ်ချက်တွေအရ ဖော်ပြခဲ့ပါတယ်။
၂၂၁ မျက်နှာပါဝင်တဲ့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာဟာ သမ္မတဟောင်း ထရမ့်ရဲ့ ဖက်ဒရယ်ဥပဒေအရ ရာဇဝတ်ကြောင်း ချိုးဖောက်မှုတွေကို ဖော်ပြထားပေမယ့် ပြစ်ဒဏ်ချမှတ်ခွင့်အာဏာ မရှိတာကြောင့် အမေရိကန် တရားရေးဌာနကို လွှဲအပ်သွားရမှာ ဖြစ်ပါတယ်။