ယူကရိန်းအရေး တောင်ကိုရီးယား ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုပေါ် သက်ရောက်

Photo – Joint Press Corps
မတ်လ ၉ ရက်နေ့မှာ ကျင်းပမယ့် တောင်ကိုရီးယား သမ္မတရွေး‌ကောက်ပွဲမှာ မဲဆွယ်ကာလ နောက်ဆုံးအချိန်ကို ရောက်ရှိလာတာနဲ့အမျှ ဝင်ရောက်ယှဉ်ပြိုင်သူ သမ္မတလောင်းနှစ်ဦး အကြိတ်အနယ်ဖြစ်နေကြပြီး လက်ရှိပေါ်ပေါက်နေတဲ့ ယူကရိန်းအရေးကြောင့် ယှဉ်ပြိုင်သူနှစ်ဦးလုံးမှာ နိုင်ငံခြားရေးမူဝါဒ အတွေ့အကြုံမရှိတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အာဏာရ ဒီမိုကရက်ပါတီက ဝင်ရောက်ယှဉ်ပြိုင်သူ လီဂျေမြောင်ဟာ အဓိကအတိုက်အခံဖြစ်တဲ့ ရှေးရိုးစွဲ ပြည်သူ့အာဏာပါတီက ဝင်ရောက်ယှဉ်ပြိုင်သူ ယွန်ဆက်ယောင်နဲ့ ယှဉ်ပြိုင်နေရပြီး နှစ်ဦးလုံးနဲ့ပတ်သက်လို့ မီဒီယာတွေရဲ့ ဝေဖန်မှုတွေက ပြင်းထန်နေပါတယ်။
လွတ်လပ်တဲ့ စစ်တမ်းကောက်ယူမှုတွေအရလည်း သမ္မတလောင်း တစ်ဦးစီအပေါ် မဲဆန္ဒရှင်တွေရဲ့ ကျေနပ်နှစ်သက်မှုက ၄၀ ရာခိုင်နှုန်းကျော်ခန့်စီသာ ရကြကြောင်း တွေ့ရပါတယ်။
အာရှတိုက်ရဲ့ စတုတ္ထမြောက် စီးပွားရေးအကောင်းဆုံးဖြစ်တဲ့ တောင်ကိုရီးယား နိုင်ငံက မဲဆန္ဒရှင်တွေဟာ တက်လာမယ့် သမ္မတကို နိုင်ငံရေးအသာစီးယူမှုမပြုဘဲ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မယ့်သူ၊ လူမှုဘဝ ကွာခြားမှုနက်ရှိုင်းနေတာကို ဖြေရှင်းပေးမယ့်သူ၊ အိမ်ခြံမြေတန်ဖိုးကြီးမားမှုကို ကိုင်တွယ်နိုင်တဲ့သူမျိုး ဖြစ်စေလိုကြောင်း စစ်တမ်းတွေမှာ ဖြေဆိုခဲ့ကြပါတယ်။
ဒီရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပေါ်ပေါက်လာခဲ့တဲ့ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ စကားစစ်ထိုးပွဲတစ်ခုမှာ သမ္မတလောင်း လီက “ယူကရိန်းသမ္မတ ဇယ်လန်းစကီးဟာ နိုင်ငံရေးအတွေ့အကြုံ နည်းပါးတဲ့အတွက် နေတိုးအဖွဲ့ ဝင်ခွင့်ရဖို့ ကြိုးစားရာမှာ ရုရှားကို ဆွပေးလိုက်သလို ဖြစ်သွားတယ်” လို့ ပြောဆိုမိခဲ့လို့ နောက်ပိုင်းမှာ ပြန်တောင်းပန်ဖြေရှင်းခဲ့ရပါတယ်။ အလားတူပဲ သမ္မတလောင်း ယွန်ကလည်း ယူကရိန်းဘက်က ရပ်တည်ကြောင်း meme တစ်ခုကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပြီးနောက်မှာ ဝေဖန်ရှုတ်ချမှုတွေ ကြုံခဲ့ရပါတယ်။