ဆီမီးခုံဆိပ်ကမ်းမှာ တင့်ကားပါ စစ်အုပ်စုရဲ့ သင်္ဘောအတိုက်ခံရ

Photo- Wiki
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ဆီမီးခုံဆိပ်ကမ်းမှာ အထိုင်ချဆိုက်ကပ်ထားတဲ့ တင့်ကားပါ စစ်အုပ်စု သင်္ဘောကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၂၀ဦးခန့် သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၂ရက်နေ့ မနက် ၄နာရီခန့်က စတင်ကာ ဆီမီးခုံဆိပ်ကမ်းမှာ အထိုင်ချထားတဲ့ စစ်အုပ်စုရဲ့ သံချပ်ကာကားတစ်စီးနဲ့ ဖလက်(၃)စီးပါ စစ်သင်္ဘောအုပ်စုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM အဖွဲ့၊ Myaung Union Army – MUA မြောင်တပ်ရင်း ၊ ပျောက်ကျားလင်းယုန်နှင့် မဟာမိတ်အဖွဲ့များဖြစ်သော မြင်းခြံ BGF၊ နှလုံးလှ လူမိုက်ကြီးများအဖွဲ့၊ တလုတ် PDF ၊ 27 Revolution Force နဲ့ Myinmu Civil Revolution Forceတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“မြစ်ရဲ့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း တိုက်ပွဲဖြစ်တာပေါ့။ မြစ်ကျဉ်းမှာ တိုက်တာပါ၊တိုက်ပွဲတွင် ရန်သူဖက်မှ စလိုက်ဖြင့် ထိုးသည့် စခ (၁)ကောင်၊ (၀.၅)စက်သေနတ်ပစ် စခ (၁)ကောင် အပါအဝင် ရန်သူအင်အား (၁၉)ယောက်ခန့် ကျသည်ဟု ခန့်မှန်းသိရပြီး စစ်သင်္ဘောမှာလည်း RPG (၁)ချက်၊ (၄၀)မမ (၁)ချက်၊ မောင်းပြန်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ပါသည်”လို့ Myaung Union Army – MUAအဖွဲ့က ဗိုလ်သမန်းကျားက MFPသတင်းဌာနမှာ ဖြေကြားထားပါတယ်။
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အကျအဆုံးမရှိခဲ့ပေမဲ့ စစ်အုပ်စုက စက်သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မြောင်မြို့နယ် သာဒွန်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦး ပေါင်မှာ ကျည်ဆံထိမှန်ခဲ့ပြီး ကျွဲနွားတရိစ္ဆာန်အချို့လည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။