မုံးပေါ်အနီး စစ်အုပ်စုနဲ့ KIA ၊ MNDAA တို့ တိုက်ပွဲပြင်းထန်နေ

Credit- Kachin News Group
ရှမ်းပြည်နယ် မြောက်ပိုင်း မုံးပေါ်အနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Kachin News Group က ဖော်ပြထားပါတယ်။
ဒီကနေ့ မတ်လ ၂ ရက်နေ့ မနက် ၁၀ နာရီခန့်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၉၉ က အင်အား ၁၀၀ ဝန်းကျင်နဲ့ KIA တပ်မဟာ ၆ တပ်ရင်း ၃၆ ထိန်းချုပ်နယ်မြေ မန်ကောင်းကျေးရွာအနီးကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် KIA၊MNDAA တို့က ခုခံစစ်ဆင်နွှဲနေတာဖြစ်တယ်လို့ သိရပါတယ်။
“အသားကုန်ပစ်နေကြပြီ။ ကိုးကန့်နဲ့ KIA ရှိနေတဲ့နေရာ ရောက်လာလို့ ထိပ်တိုက် တိုက်ပွဲဖြစ်တဲ့သဘော။ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်နေပြီ။ နေရာတကာ ရမ်းတမ်းပစ်နေလို့ အခုဒီမှာ ဘယ်လိုဖြစ်မယ်မသိနေဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မုံပေါ်ဒေသမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ ၄ ရက်ခန့်ရှိနေပြီ ဖြစ်ပါတယ်။