မတရားငွေတောင်းခံနေတဲ့ မန္တလေးဆေးရုံကြီးက ရင်ခွဲရုံကို ဗုံးပစ်သတိပေး

မန္တလေးဆေးရုံကြီးမှာရှိတဲ့ ရင်ခွဲရုံဟာ ရုပ်အလောင်းတွေကို ပြန်လည်ထုတ်ယူရာမှာ ပြည်သူတွေဆီကနေ မတရားငွေကြေးတောင်းခံနေတာကြောင့် ဗုံးပစ်သတိပေးခဲ့တယ်လို့ Mandalay People Rescue – MPRက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီခန့်မှာ Mandalay People Rescue – MPR နဲ့ Mother Son Mandalay Force – MSMFအဖွဲ့တို့ ပူးပေါင်းပြီး သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အခုလို သတိပေးဖောက်ခွဲခဲ့တာဟာ ဆေးရုံကြီးရှိ ရင်ခွဲရုံဟာ ရုပ်အလောင်းတွေ ပြန်လည်ထုတ်ယူရာမှာ ရိုးရိုးကို ၁၄၀,၀၀၀ကျပ်၊ ကြာရှည်ခံဆေးထိုးရမယ်ဆိုပါက ၂သိန်းကျပ် တောင်းခံနေတာကြောင့် သတိပေးခဲ့ရတာဖြစ်တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် ဆေးရုံကြီးမှာရှိတဲ့ ဝန်ထမ်းလင်မယားနှစ်ဦးဟာ တစ်ဦးက CDMအယောင်ဆောင် အလှူခံနေပြီး တစ်ဦးက အလုပ်ဆင်းနေတဲ့ ဖြစ်စဉ်တွေကိုလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက သတင်းရရှိထားပြီး ဒီလိုလုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ သတိပေးလိုက်တယလို့ ဖော်ပြထားပါတယ်။