ခရမ်းမှာ အကြမ်းဖက်တပ်က ပြည်သူ့ဆိုင်ကယ် ၁၀ စီးလောက်ကို အကြောင်းမဲ့ဖျက်ဆီး

အကြမ်းဖက်စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ခရမ်းမြို့ပေါ်က ပြည်သူတွေရဲ့ဆိုင်ကယ် ၁၀ စီးလောက်ကို အကြောင်းမဲ့ ရိုက်ချိုးဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မ​နေ့ညနေပိုင်းက ခရမ်းမြို့နယ်၊ ပိန်းကန်ရဲစခန်းကို ခရမ်း PDF က အဝေးပစ်လောင်ချာနဲ့ တိုက်ခိုက်ပြီး‌နောက်စစ်ကူလာတဲ့ စစ်ကားကို တမံကြီးကျေးရွာအထွက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးနဲ့ ရဲ ၅ ဦးသေဆုံးခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအပြီး ခရမ်းမြို့ပေါ်ကနေ သုံးခွဘက်အထွက် ဒေးပေါက်ဂိတ်မှာ ဆိုင်ကယ်တွေကို ဖျက်ဆီးခြင်းဖြစ်ပါတယ်။
‘ကိုယ့်ဘာသာ ဆိုင်ကယ်နဲ့ဖြတ်လာတဲ့ ပြည်သူတွေကို ဒေးပေါက်ဂိတ်မှာ ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး ဒီနေ့လုပ်တဲ့အထဲ (တိုက်ခိုက်တဲ့အထဲ) မင်းတို့ပါတယ် မဟုတ်လားဆိုပြီး ဆိုင်ကယ်တွေကို တုတ်တွေ၊ သေနတ်ဒင်တွေနဲ့ ရိုက်တယ်။တချို့ဆိုင်ကယ်က ဆိုင်ကယ်ကာဗာတွေ ကျိုးကုန်တယ်။ဆိုင်ကယ် ၁၀ စီးလောက် ခံလိုက်ရတယ်။ လူကိုတော့ ရိုက်တာနှက်တာမလုပ်ဘူး’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း ပိန်းကန်ရွာထဲ အကြမ်းဖက်စစ်သားအင်အားအများအပြားနဲ့ စစ်ဆေးနေသလို ခရမ်းမြို့ပေါ်မှာလည်း စစ်ကားတွေနဲ့ လှည့်လည်နေတယ်လို့ သိရပါတယ်။
‘ပိန်းကန်မှာက ရွာထဲမှာစစ်တာ၊ အိမ်တွထဲတော့ လိုက်မစစ်ဘူး။ ခရမ်းမြို့ထဲမှာတော့ DC (အိမ်စီးကားပုံစံ စစ်ကားအသေး) တွေနဲ့ ပတ်နေတယ်’လို့ သူကဆက်ပြောပါတယ်။