အဝေးပစ်လောင်ချာနဲ့ တိုက်ခိုက်ခံရပြီးနောက် သုံးခွမြို့ရဲစခန်းမှာ လုံခြုံရေးအစီအမံတွေ တိုးချဲ့လုပ်ဆောင် နေတယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီ၂၆ရက်နေ့၊မနက်၁၁နာရီ ၉မိနစ်လောက်က သုံးခွမြို့တွင်းမှာရှိတဲ့ သုံးခွမြို့မရဲစခန်းကို အဝေးပစ် လောင်ချာ M79 နဲ့ ၄၀(မမ)ဗုံးသီးနှစ်လုံးပစ်ခတ်ခဲ့ရာ ရဲစခန်းထဲကျရောက်ပေါက်ကွဲခြင်းမရှိပေမဲ့ သုံးခွရဲစခန်း အတွင်း ထိတ်လန့်တုန်လှုပ်ကာ လုံခြုံရေးအစီအမံတိုးမြှင့်လာတယ်လို့ သုံးခွမြို့သားတချို့ကပြောပါတယ်။
‘ရဲစခန်းထဲမှာ ဗုံးခိုးကျင်းတွေခိုးတူးနေကြတယ်လို့လည်းသိရတယ်။သုံးခွရဲစခန်းမှာက စစ်ခွေးတွေပေါင်းပြီး အမြီးကျက်အမြီးစားတွေချည်းပဲလေ။လောင်းကစားဝိုင်းတွေ၊မူးယစ်ဆေးဝါးရောင်းတာတွေကို လိုင်းကြေးယူ ပြီး မြို့ကိုဖျက်ဆီးနေတဲ့အထဲမှာ သုံးခွရဲတွေက စစ်ခွေးတွေနဲ့တန်းတူ တာဝန်ရှိတယ်။သူတို့အပြစ်လည်းသူတို့ သိတော့ အခုအပစ်ခံရတော့ မထိပေမဲ့ကြောက်ကြတယ်လေ’လို့ သုံးခွမြို့၊အောင်ဇေယျာလမ်းမပေါ်နေတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
လောင်ချာနဲ့အပစ်ခံရပြီးနောက် ရဲစခန်းပတ်လည် အပြောင်ရှင်းကာမြက်တွေကို မီးရှို့နေသလို သုံးခွရဲစခန်း ဘေးက အထက(၁)လမ်းမကို တစ်ခြမ်းပိတ်ထားကာ လမ်းထိပ်မှာ ရဲအစောင့်ချထားတယ်လို့ သုံးခွမြို့ပြည်သူ့ ကာကွယ်ရေးတပ် Thongwa Youth Force ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
‘ရဲစခန်းရှေ့ကလမ်းကိုတော့ လုံးဝပိတ်ထားတာကြာပါပြီ။ပြည်သူတွေရဲ့သတင်းပေးပို့ချက်အရ ရဲကင်းတွေ ပိုများပြီး သေချာသတိထားစောင့်နေကြတယ်’လို့ သူကပြောပါတယ်။
သုံးခွမြို့မှာတာဝန်ကျတဲ့ရဲတွေဟာ သုံးခွမြို့သားတွေမဟုတ်တဲ့အတွက် သုံးခွမြို့ဘာဖြစ်ဖြစ်ဂရုမစိုက်ဘဲ အဂတိလိုက်စားမှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေကြတယ်လို့ သုံးခွမြို့ ၂ရပ်ကွက်နေတက်ကြွ လူငယ်တစ်ဦးက ပြောပါတယ်။
‘သုံးခွလူငယ်တေွ ဆေးစွဲလည်းသူတို့ အေးဆေးပဲ။လောင်းကစားဝိုင်းများလာလေ သူတို့လိုင်းကြေးရလေပဲ ဆိုတဲ့ ဘယ်သူသေသေငတေမာရင်ပြီးရင်ဆိုတာတွေပါ။အဲဒါကြောင့် လောင်ချာနဲ့ပစ်တာကြိုဆိုပါတယ်။ နောက်တစ်ခါ ထိအောင်ပစ်ပါ’လို့ သူကပြောပါတယ်။
သုံးခွမြို့ပေါ်ရောက်နေတဲ့အကြမ်းဖက်စစ်တပ်ဟာ သာသနာ့ဗိမာန်၊ခန်းမနဲ့မီးသတ်တို့မှာ တပ်ဖြန့်နေထိုင် နေကြတယ်လို့ သိရပါတယ်။
သုံးခွရဲစခန်းတိုက်ခိုက်မှုကို ရန်ကုန်တောင်ပိုင်းခရိုင်၊ မဟာမိတ်တပ်ပေါင်းစု(Fire Dragon) တပ်ဖွဲ့၀င်တွေဖြစ်တဲ့ သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(T.Y.F) နဲ့ ခရမ်းPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။