ယူကရိန်း ရေနံပိုက်လိုင်းကို ရုရှားတပ်တွေ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းသမ္မတရုံး ထုတ်ပြန်

Photo – AP
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် ခါကိဗ်က ရေနံသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြောင်း ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ပါတယ်။
ယူကရိန်းရဲ့ အထူးဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ကာကွယ်မှု နိုင်ငံတော်လုပ်ငန်းက ဒီလိုဖောက်ခွဲမှုကြောင့် မှိုပွင့်သဏ္ဌာန် မီးခိုးလုံးကြီး ထွက်ပေါ်လာပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား ဖြစ်နိုင်တာ‌ကြောင့် အနီးဝန်းကျင်မှာ နေထိုင်သူတွေက အိမ်ပြတင်းပေါက်တွေကို အဝတ်စိုတွေနဲ့ ပိတ်ထားဖို့၊ ရေများများသောက်ဖို့ အကြံပြုကြောင်း ထုတ်ပြန်ထားပါတယ်။
ယူကရိန်းရဲ့ တရားသူကြီးချုပ် အိုင်ရီနာဗီနီဒစ်တိုဗာက ရုရှားတပ်တွေဟာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပေမယ့် ခါကိဗ်မြို့ကို မရနိုင်သေးဘူးလို့ ဆိုပါတယ်။ ခါကိဗ်မြို့ဟာ ရုရှားနယ်စပ်နဲ့ ၂၅ မိုင်အကွာမှာ တည်ရှိပြီး လူဦးရေ တစ်သန်းခွဲ နေထိုင်တဲ့မြို့ကြီး ဖြစ်ပါတယ်။