မူးယစ်ဆေးဝါး သယ်လာတဲ့ စစ်အုပ်စုက အရာရှိနှစ်ဦးကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ကနေ နေပြည်တော်ကို မူးယစ်ဆေးဝါးတွေ သယ်ယူလာပေးတဲ့ စစ်အုပ်စုက ဗိုလ်မှူးတစ်ဦးနဲ့ ဗိုလ်ကြီးတစ်ဦးကို ပင်လောင်း-နေပြည်တော်ကားလမ်း လိန်းလီကြိုးတံတားထိပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ Police CDM Channel က သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ ပင်လောင်း-နေပြည်တော်ကားလမ်း လိန်းလီကြိုးတံတားထိပ်မှာ ကာလတန်ဖိုး ကျပ်သိန်း ၅ ထောင်ကျော်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာသူ လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်မှူး စံမင်းထွန်းနဲ့ ဗိုလ်ကြီးကျော်ပြည်ဖြိုးတို့ကို သတင်းအရ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်တွေအရ နန့်စန့်မြို့ကနေ နေပြည်တော်ကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်ဖို့အတွက် ကျပ်သိန်း ၅၀ ကို လက်ခံယူကာ သယ်ယူပေးလာတာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ စစ်အုပ်စုက အရာရှိ ၂ ဦးကို စစ်အုပ်စုက စစ်စည်းကမ်းအတိုင်း အရေးယူမယ်လို့ဆိုကာ ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။