လူသတ်တရားခံ ပျူစောထီးဆိုတဲ့ ညီအစ်ကိုသုံးဦးကို ဂန့်ဂေါ PDF ဖမ်းဆီးရမိ

Photo- Master PDF Gangaw
မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းမှာ ခိုးဆိုးလုယက်ပြီး လူသတ်ခဲ့တယ်လို့ဆိုတဲ့ ပျူစောထီး ညီအစ်ကို ၃ ဦးကို “Master” PDF Gangaw က ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ ပြည်သူတွေရဲ့ သတင်းပေးချက်အရ ပစ္စည်းလု လူသတ်ကာ ထွက်ပြေးနေတဲ့ ကိုဖိုးထောင် (ခ) ချမ်းမြင့်အောင် အသက် ၂၁ နှစ်၊ ကိုဇော်ဖြိုးဝေ အသက် ၁၈ နှစ်၊ကိုနိုင်ဖြိုးထွေး အသက် ၁၅ နှစ်တို့ကို “Master” PDF Gangaw က ဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။
“Master” PDF Gangaw ရဲ့ စစ်ဆေးချက်တွေအရ သူတို့ ၃ ဦးဟာ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ဂန့်ဂေါမြို့နယ် မဲကျေးရွာ အရှေ့မြောက် စစ်နှီးကြိုးဝိုင်းအတွင်းမှာရှိတဲ့ လယ်စောင့်တဲမှာ နေထိုင်ကြတဲ့ ဦးသွက်ဦး (ခ) သန့်ဇင်ဦးကို သတ်ဖြတ်ပြီး ဇနီးဖြစ်သူ ဒေါ်ချမ်းမြေ့သူကို ဖမ်းဆီးခေါ်ဆောင်သွားသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေါ်ချမ်းမြေ့သူ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့ရာမှ အခုလို အမှုမှန် ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ သူတို့ ၃ ဦးနဲ့ သက်သေခံ ခိုးရာပါပစ္စည်းတွေ သိမ်းဆည်းရမိပြီး ခိုးမှုပေါင်း ၁၂ မှုအထိ ထပ်မံဖော်ထုတ်နိုင်ခဲ့တယ်လို့ “Master” PDF Gangaw က ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိထားသူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို လွှဲပြောင်းထားပေးခဲ့ပြီး “Master” PDF Gangaw အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံစစ်ဆင်နွှဲနေစဉ်မှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကိုပါ ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။