ပေါက်မြို့နယ်၊ ရေပြာရဲစခန်းကို တိုက်ခိုက်၊ စခန်းမှူးအပါအဝင် ၅ ဦးသေ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ရေပြာရဲစခန်းကို ဒေသခံတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ညနေ့ ၄ နာရီလောက်က ပေါက်မြို့နယ် ရေပြာရဲစခန်းကို မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ နဲ့မဟာမိတ် ( ၃) မြို့နယ် (ပ.က.ဖ)တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ( ၄၅ ) မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြိုင် PDF ကသတင်းထုတ်ပြန်ထားပါတယ်။
‘ကျွန်တော်တို့အလစ်အငိုက်မှာ ဝင်စီးခဲ့တာ။ ရဲစခန်းတစ်ခုလုံး ဝရုန်းသုန်းကားဖြစ်သွားတယ်။ ပြောက်ကျား စစ် ဗျူဟာအတိုင်း တိုက်ပြီးတာနဲ့ ချက်ချင်းပြန်ဆုတ်ခဲ့တယ်’လို့ မြိုင် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ရေစကြိုမြို့နယ် ပြည်သူကာကွယ်ရေးရဲဘော် ( ၂ ) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။